"မမကြီးအခန်းထဲ သွားရအောင်"
ညီအစ်မနှစ်ယောက် အောက်ထပ်ရှိ ခတ်ဒါလီအခန်းသို့ ရောက်မှ
"သဇင်တို့ တစ်ခုခုလုပ်မှဖြစ်မယ်ထင်တယ်"
"အဆုံးမရှိ အစမရှိ ဘာကိုလဲ"
ခေတ်သဇင် မိမိသိထားသည့်ကိစ္စကို မမကြီးအား မည့်သို့မည်ပုံပြောပြရမည်ကို မသိဖြစ်လို့နေသည်။
"ဟို...ဟို..""စိတ်မရှည်လိုက်တာ သဇင်ရယ်"
"စွဲမြဲက ကိုကျော်ထွဋ်လို ဖြစ်နေတာထင်တယ်"
"အင်း ထင်သားဘဲ"
မထင်ထားဘဲ မိမိထက်ပိုတည်ငြိမ်နေသည့် အစ်မဖြစ်သူကို နားမလည်သလို ကြည့်လိုက်မိသည်။
"ထင်ထားလို့ နာနာ့မိဘတွေနဲ့ စကားလမ်းကြောင်းထားပြီးပြီ"
"အဲ့လိုဆို စွဲမြဲ နိုင်ငံခြားထွက်မယ့် ကိစ္စကရော"
"လက်ထပ်ပြီးတဲ့အထိ နောက်ရွှေ့ခိုင်းလိုက်မှာပေါ့"
"မမကြီး ယုံကြည်ချက်ရှိလား။စွဲမြဲက ပြောစကားနားထောင်ပါ့မလား"
ခတ်ဒါလီက သားဖြစ်သူနဲ့ မည်သို့ပင်အနေမနီးစေကာမူ သားအကြောင်းလုံးဝ မသိတာတော့ ဟုတ်မနေဘူး။စွဲမြဲရဲ့အားနည်းချက်က ဘယ်သူဆိုတာ သိပ်သိတာပေါ့။ဘယ်သူ့စကားဆိုရင် စွဲမြဲ မငြင်းဘဲ လက်ခံမယ်ဆိုတာ သိပ်သိတာပေါ့။
"စွဲမြဲကို သဇင်...နင်ဘဲ ပြောလိုက်"
ခေတ်သဇင် ပြောစရာမဲ့သွားသည်။စိတ်ထဲတွင်လည်း သို့လောသို့လော အတွေးများက မြောက်မြားစွာ နေရာယူလို့နေပြီဖြစ်သည်။
"သွားနားတော့။စွဲမြဲကို နောက်နေ့မှ စကားပြောပေါ့။ဒီနေ့တော့ ငါလည်း အလုပ်မှာ ပင်ပန်းထားလို့"
"ဟုတ် သဇင်သွားတော့မယ် ဒါဆို"
ခေတ်သဇင်၏ခြေလှမ်းများက ယခင်ကလို သွက်လက်မနေသလို အားမရှိလှပါ။မိမိအခန်းထဲသို့ရောက်သည်နှင့် ကုတင်ပေါ်သို့ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။အောက်နှုတ်ခမ်းကို ခပ်နာနာကိုက်ပြီး လက်ဖဝါးဖြန့်လိုက် လက်သီး ဆုပ်လိုက်နှင့် တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်တော့ပါ။လက်ကိုင်အိတ်ထဲက ဖုန်းကို ထုတ်ကာ မာန် ဟုမှတ်ထားသည့် ဖုန်းနံပါတ်အား ဆက်ရနိုးနိုး မဆက်ရနိုးနိုးနှင့် ဝေခွဲမရဖြစ်ရပြန်သည်။