"စွဲ အိမ်လာခဲ့ပါဦး။Daddy...Daddy...I don't know what's wrong with him."
အသံက အမောတကောဖြစ်နေသည့်အပြင် စိတ်လှုပ်ရှားကာ အင်္ဂလိပ်လိုတွေပါ ရောပြောနေသည့် ဂျူလီကြောင့် စွဲမြဲ လှဲနေရာမှထကာ ချက်ချင်း အောက်ထပ်ဆင်းရသည်။မိမိအဖြစ်က အိပ်မပျော် ထိပ်ပေါ်ခဲကျဆိုသလိုပင်...သင်တန်းတက်စရာမရှိသော်ငြား တစ်ယောက်တည်း အေးအေးလူလူနေချင်သောကြောင့် တိုက်ခန်းက မပြန်ရသေး၍ တော်သေးသည်ဟုဆိုရမည်။ကမန်းကတန်း ပြေးဆင်းလေတော့ တံခါးဖွင့်ကာ ရပ်စောင့်နေသည့် ဂျူလီကို တွေ့သည်။အမောပင်မဖြေအားဘဲ...
"ဘာဖြစ်လို့လဲ ဂျူလီ""I don't know"
ပြောပြီးကာမှ သူ့ခေါင်းသူ ခပ်ဖွဖွထုကာ
"ယောင်လို့။ဒယ်ဒီက ဘယ်လိုဖြစ်တာလဲ မသိပါဘူး စွဲရယ်။ဂျူလီလည်း အနားကပ်လို့မရဘူး"
အမှန်တကယ်တုန်လှုပ်နေသည့် ဂျူလီ့မျက်နှာကြောင့် စွဲမြဲ ခပ်မြန်မြန်ဘဲ အိမ်ထဲဝင်လိုက်သည်။"အခန်းထဲမှာ"
တံခါးပြန်ပိတ်နေရင်း ဂျူလီက လှမ်းပြောလာသည်။အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မှောင်မဲနေသည့် အခန်းကြောင့် မီးခလုတ်ကို စမ်းကာ ဖွင့်လိုက်သည်။မီးလင်းသွားသည်နှင့် မြင်လိုက်ရသည့် အခန်းအနေအထားကြောင့် ခဏ မှင်တက်သွားမိသည်။အမှုအခင်းတစ်ခု ဖြစ်ထားသလိုမျိုး ရှုပ်ပွနေသည့် အခန်းအနေအထားနှင့် ကုတင်ပေါ်တွင် ဒူးကိုပိုက်ကာ ထိုင်နေသည့် ဦးဇာမဏီမာန်...
"တုနှိုင်းမာန်...ငါ့အနားမလာနဲ့"
သူ့အနားလျှောက်လာသည့် စွဲမြဲကို ကြည့်ကာ အော်သည်။မျက်လုံးတွေက ဂနာမငြိမ်။တစ်ချက်တစ်ချက် လက်သည်းတွေလည်း ကိုက်နေသေးသည်။"မလာနဲ့...မလာနဲ့လို့!!!"
"ကြာပြီလား ဒီလိုဖြစ်နေတာ"
အခန်းပေါက်ဝကနေ ရပ်ကြည့်နေသည့် ဂျူလီကို စွဲမြဲ လှည့်မေးလိုက်သည်။"၁၅မိနစ်လောက်ရှိပြီ စွဲ"
"ဦးဇာမဏီမာန်...ဦးဇာမဏီမာန်...ကျွန်တော်လေ စွဲမြဲ"
"ငါမင်းကို ဘာမှမလုပ်ဘူး။မင်းကိုသတ်တာ ငါမဟုတ်ဘူး...မလာနဲ့"
"တုနှိုင်းမဟုတ်ဘူး..စွဲမြဲလေ။ကျွန်တော်လေ သေချာကြည့်ပါဦး"
ဦးဇာမဏီမာန်၏အရှေ့တွင် ဝင်ထိုင်လိုက်ရင်း ပြောမိသည်။