Unicode
Tvဖန်သားပြင်တွင် လာနေသော ရုပ်ရှင်၏ဇာတ်ကွက်လေးတစ်ခု။အမေဖြစ်သူနဲ့သားဖြစ်သူ စကားများနေသော ဇာတ်ကွက်ကြောင့် ခေတ်သဇင်၏အတွေးတို့က အတိတ်က အဖြစ်အပျက်ဆီသို့ ရောက်ရှိသွားသည်။
. . .
လှေကားအဆင့်ဆင့်ကို ဖြတ်ကျော်ကာ ရှိုက်သံထွက်နေသော အခန်းငယ်ဆီသို့ ခေတ်သဇင် အလျင်အမြန် ပြေးဝင်မိသည်။အိပ်ယာပေါ်တွင် မှောက်ကာ ငိုနေသည့် တူဖြစ်သူကို မြင်လေတော့ သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချပြီး
"စွဲမြဲ သားလေး မငိုနဲ့လေကွယ်""မာမားက သားကို ဟင့်"
"တီတီ့ကလေးလေးရယ် မငိုပါနဲ့တော့။ပင်ပန်းပါတယ် ။မာမားက သားကို ပိုပြီးစာကြိုးစားစေချင်လို့ တော်စေချင်လို့ ရိုက်တာပါ။မချစ်လို့မဟုတ်ဘူးလေ"
ကျောပြင်ငယ်ကို ပွတ်ကာ နှစ်သိမ့်နေသော်လည်း ရှိုက်သံက ရပ်မသွားပေ။အဆင့် 1 to 5 မဝင်ဘဲ အဆင့်၇ဖြင့် ထွက်လာသော report cardက ဒီသားအမိကြား ဝင်မွှေလိုက်ပြန်ပြီ။ဖြစ်စေချင်စိတ်ကြီးသော အစ်မဖြစ်သူနဲ့ သနားစရာ တူဖြစ်သူတို့ကြား အမြဲပြာယာခတ်ရသည်က ခေတ်သဇင်ပေမို့ ဒီအကြိမ်တွင်လည်း ပြာယာခတ်ရပြန်ပါသည်။
"သားလည်း ကြိုးစားတာဘဲကို"
ပြောလိုက် ငိုလိုက်နဲ့ ကလေးက အတော်သနားစရာကောင်းနေပြီ။အစ်မဖြစ်သူကိုလည်း ဆရာပြန်လုပ်လို့မရလေတော့ ခေတ်သဇင် အသက်ရှုပင်ကျပ်ချင်လာပြီဖြစ်သည်။"သဇင် ဘာမှချော့မနေနဲ့။စွဲမြဲ ဝအောင်ငို။ငိုပြီးတာနဲ့ စာကြည့်စားပွဲထိုင်ရမယ်"
"မမကြီးရယ် ကလေးကို တအားမဖိပါနဲ့လား"
"နင်မသိပါဘူး။ဒီကောင်လေး အခုရက်ပိုင်းဆိုးနေတဲ့ဟာ။စာမလုပ်ဘဲ သူငယ်ချင်းအိမ် လိုက်ကစားနေမှတော့ ဒီအဆင့်ထွက်တာ မဆန်းဘူး။စွဲမြဲ ဒီလ Tvလုံးဝမကြည့်ရဘူး။အဆင့် 1 to 5ပြန်ဝင်မှ Tvပြန်ကြည့်ရမယ်။ဘယ်သူငယ်ချင်းဆီကိုမှ သွားဖို့မစဉ်းစားနဲ့"
ခေတ်သဇင် ဘာဝင်ပြောရမှန်းပင် မသိတော့ပါ။. . .
မမကြီး၏ဖိအားကြောင့် စွဲမြဲ ဉာဏ်ထိုင်းသွားမည်ကို ထိုအချိန်တုန်းက ခေတ်သဇင် တအားစိုးရိမ်ခဲ့သည်။သို့သော် တူဖြစ်သူက စိုးရိမ်စရာမလိုကြောင်း ဂုဏ်ထူး၅ဘာသာဖြင့် သက်သေပြသွားသည့်အပြင် သူလိုချင်သည့်ဘွဲ့တစ်ခုပါ လက်ဆုပ်လက်ကိုင် ယူပြသွားသေးသည်။အခုဆို နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပင် ပြင်နေပြီဖြစ်သည်။