အဆက်မပြတ်မြည်နေသည့် ဖုန်းသံကြောင့် စွဲမြဲ နိုးလာရသည်။မြည်နေသည်က စွဲမြဲဖုန်းမဟုတ် ဦးဇာမဏီမာန်၏ဖုန်းဖြစ်သဖြင့် အိပ်နေသူအား အသာလှုပ်နှိုးရတော့သည်။
အချိန်က အခုမှ ၇နာရီထိုးဖို့ ၁၅မိနစ်အလို...
"ဦးဇာမဏီမာန် ဦးဇာမဏီမာန် ဖုန်းလာနေတယ်"
ညက စွဲမြဲ ထမင်းစားပွဲမှာ အိပ်ပျော်သွားချိန် ဦးဇာမဏီမာန်က တော်တော်လေး ထပ်သောက်လိုက်ပုံရသည်။တော်တော်နဲ့ မနိုးလာသည့်အပြင် နိုးလာတော့လည်း နားထင်ကို ဖိနှိပ်နေသည်။"ဖုန်းလာနေတယ်"
"အင်း ကျေးဇူး"
နှစ်ယောက်သား ဧည့်ခန်းတွင် အိပ်နေခဲ့ကြခြင်းဖြစ်သောကြောင့် ဦးဇာမဏီမာန်ကို ဖုန်းပေးပြီးသည်နှင့် စွဲမြဲ sofaတွင် ပြန်ထိုင်ကာ ငြိမ်နေမိသည်။
"အင်း မမ ပြော"
"မာန် မေမေ ဆုံးသွားပြီ"
"ဟမ်"
ဇာမဏီမာန်၏ခေါင်းထဲတွင် ဗလာကြီးဖြစ်သွားရသည်။
"ငါ နားကြားမှားတာလား""ဟင့်အင်း မေမေ ဆုံး..."
အစ်မဖြစ်သူက စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ဘဲ ငိုနေသည်ကို ကြားလိုက်ရသည်နှင့် ဇာမဏီမာန် ဖုန်းကိုပင် ချလိုက်မိသည်။"ဦးဇာမဏီမာန် ဘာဖြစ်လို့လဲ"
"ငါ့အမေ...ငါ့အမေ ဆုံးသွားပြီတဲ့"
"..."
မနေ့ညကတင် သူ့အမေကို တောင်းပန်ဖို့ ပြောနေခဲ့တာ။အခု တောင်းပန်လို့မရတော့တဲ့ အခြေအနေဖြစ်သွားပြီမို့ သူ့စိတ်ထဲ ဘယ်လောက်ပြိုလဲနေမလဲဆိုတာ စွဲမြဲ ကြည့်ရုံနဲ့ သိသည်။တောင့်တောင့်ကြီး ထိုင်နေသူဘေးသို့ ပြောင်းထိုင်လိုက်ပြီး ပုခုံးကို အသာဆုပ်ကာ အားပေးမိသည်။
"ငိုချင်ရင် ငိုချလိုက်ပါလား"ခေါင်းငိုက်စိုက်ကျသွားတာမှလွဲလို့ ငိုတာယိုတာ ဘာမှမလုပ်။ငြိမ်နေသည်မို့ စွဲမြဲလည်း ဘာမှထပ်မပြောဘဲ ဦးဇာမဏီမာန်၏ပုခုံးကိုသာ အသာပုတ်ပေးနေမိသည်။စွဲမြဲ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော နှစ်သိမ့်နည်းမို့ ပုခုံးကိုသာ အသာပုတ်ရင်း ဝမ်းနည်းနေသူ၏ မျက်နှာကိုသာ စိတ်မသက်သာစွာ ကြည့်နေရသည်။