Unicode
"သြော် သားက မအိပ်သေးဘူးကိုး"
အခန်း၀တွင် တံခါးအသာဟကာ ရပ်ရင်း ပြောလာသည့် တီတီလေးကြောင့်..."တရေးနိုးတာလား တီတီ"
"အင်း အိမ်သာသွားရင်း သားအခန်းက မီးလင်းနေလို့ လာပိတ်ပေးတာ"
စွဲမြဲပြုံးမိသည်။ဒီနေရာမှာ မာမားသာဆိုရင် အခန်းမီးပိတ်ပေးဖို့ဆိုတာထက် မအိပ်သေးလို့ဆိုပြီး ဆူဆူပူပူလုပ်လျှင်လုပ် မဟုတ်ရင်လည်း မီးပိတ်ဖို့မေ့ရကောင်းလားဆိုပြီး ပြောပေလိမ့်မည်။"အိပ်မပျော်လို့လား သား"
စာကြည့်စားပွဲတွင် ထိုင်ကာ ရှေ့တွင်လည်း စာအုပ်တစ်အုပ်က ပွင့်လျက်သား ရှိနေသည်ကို သတိထားမိသွား၍ထင်...
"အိပ်ကိုမအိပ်ရသေးတာထင်တယ်...ဟုတ်လား""နည်းနည်းတွေးစရာလေးတွေ ရှိနေလို့ပါ။ခဏနေ အိပ်တော့မှာ။တီတီလည်း သွားပြန်အိပ်တော့လေ"
"အင်းအင်း။အိပ်တော့နော်...၂နာရီဖြစ်နေပြီ။ညကလည်း အိမ်ပြန်နောက်ကျတယ်... ခုလည်းမအိပ်သေးပြန်ဘူး။လူဆိုးလေးဖြစ်နေတယ် ဟုတ်လား"
တီလေး၏ ခပ်ပြုံးပြုံးဆုံးမသံကြောင့် ဒုတိယအကြိမ် ပြုံးရပြန်သည်။တီလေး ပြန်ထွက်သွားသည်နှင့် စာအုပ်ကို ပိတ်လိုက်ပြီး Laptopမျက်နှာပြင်ကိုသာ ငေးနေမိသည်။အမှန်တော့ အစကထဲစာဖတ်နေတာမဟုတ်ဘဲ laptopက ပုံကိုသာ ငေးနေခဲ့ခြင်းဖြစ်သည်။ကမ်းစပ်ကို ရေလှိုင်းတွေ လာနှုတ်ဆက်နေသည့် ပုံက အထွေအထူးမဟုတ်သော်ငြား...
-ဘာလို့ သူ့မျက်လုံးထဲမှာ လိပ်ပြာမသန့်သလိုအရိပ်အယောင်တွေ သန်းနေတာလဲ။ငါ့ကို စကားပြောနေရင်းနဲ့ကို ခြောက်ခြားနေသလိုဖြစ်နေတာ သေချာသတိထားမိလိုက်တယ်-
ဟုတ်သည်။စွဲမြဲအတွေးများနေသည်။ညက တိုက်ခန်းမှာ တွေ့ခဲ့ရသည့် တီတီလေးသူငယ်ချင်းအကြောင်းကို တွေးနေမိသည်။အစက တီတီလေးနဲ့ သိပ်ကပ်သည်မို့ ကြည့်မရ။သို့သော် ၂ယောက်ထဲဆုံဖူးသွားပြီးမှ ထိုလူ့ပုံစံက အရင်တီတီလေးဘေးမှာ တွေ့လိုက်ရသလို တက်ကြွနေပုံမဟုတ်ဘဲ စိတ်မလုံခြုံဖြစ်နေပုံ ပေါ်နေသည်။
-
--Knock knock-
"သားရေ မနက်စာစားစို့လေ....ဟယ် ညကတွေ့တဲ့အတိုင်းကြီး"
စာကြည့်စားပွဲတွင်ထိုင်နေဆဲဖြစ်သော စွဲမြဲအားကြည့်ကာ ခေတ်သဇင်က သက်ပြင်းချသည်။