ည၁၂နာရီကျော်ပြီ ဖြစ်သော်ငြား စွဲမြဲမအိပ်သေး။နောက်နေ့သင်တန်းမရှိသောကြောင့် အေးအေးလူလူ စာဖတ်ကောင်းဆဲပင်။နေ့ခင်းနေ့လည်နဲ့မတူစွာ ညဘက်က ပိုပြီးတိတ်ဆိတ်ကာ အာရုံစိုက်လို့ကောင်းသည်။အခန်းထဲတွင် စာရွက်လှန်သံ၊စန္ဒယားသံခပ်တိုးတိုး နှင့် စားပွဲခုံကို ခေါက်နေသည့် တဒေါက်ဒေါက်အသံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရ။
#ဒေါက်ဒေါက်ဒေါက် ဒေါက်ဒေါက်ဒေါက် #
တံခါးခေါက်သံကျယ်ကျယ်ကြောင့် စွဲမြဲ မျက်မှောင်ကျုံ့မိသည်။ဧည့်သည်လာရမည့်အချိန်မှ မဟုတ်ဘဲ..."စွဲမြဲ...ငါပါ"
ရင်းနှီးနေသောအသံကြားမှသာ တံခါးဖွင့်ပေးမိသည်။တံခါးပွင့်သွားသည်နှင့် မိမိထံပြိုကျလာသော ခန္ဓာကိုယ်ကို အချိန်မှီ ဖမ်းထိန်းလိုက်ရသည်။
"ကိုယ်တွေလည်း ပူကျစ်နေတာဘဲ"
စွဲမြဲ သက်ပြင်းချပြီးနောက် အိပ်ခန်းထဲခေါ်သွားကာ လှဲခိုင်းလိုက်သည်။ဒီပုံစံနဲ့ သူ့အခန်းသို့ ပြန်ဆွဲခေါ်၍လည်း မရဘဲ..."ဘယ်အချိန်ထဲက ဖျားနေတာလဲ"
"ညနေစောင်းလောက်က"
ခပ်တိုးတိုးပြောပြီးနောက် မျက်လုံးအစုံက မှိတ်သွားတော့၏။စွဲမြဲအဝတ်ဗီရိုကို ဆွဲဖွင့်ကာ လက်ကိုင်ပုဝါအသေးတစ်ထည် ထုတ်ယူလိုက်သည်။ထို့နောက် မီးဖိုခန်းထဲသွားပြီး ပန်းကန်လုံးအကြီးကို ယူကာ ရေဖြည့်လိုက်သည်။ခုနက လက်ကိုင်ပုဝါကို ထိုပန်းကန်လုံးထဲနစ်ကာ အခန်းထဲပြန်ယူသွားသည်။ခုနကအထိ ငြိမ်သက်နေခဲ့သော စွဲမြဲသည် အခုတော့ဖြင့် ဦးဇာမဏီမာန်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေပြီဖြစ်သည်။
မြင့်တက်နေသည့် ကိုယ်အပူချိန်ကို လျော့လိုလျော့ငြား ရေစိုဝတ်ဖြင့် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်ကို ပွတ်သပ်ပေးမိသည်။ညအိပ်ဝတ်စုံကို ကြယ်သီးဖြုတ်ကာ ရင်ဘတ်ကိုပါ ရေပတ်တိုက်ရသည်။ပြီးတာနှင့် ကြယ်သီးပြန်တပ်ပေးပြီး ပန်းကန်ထဲက ရေလဲရန် ဘေစင်သို့ တဖန်ပြန်သွားဖြစ်၏။
"ဘာဆေးတိုက်ရမလဲ... paracetamolဘဲ ရှိတာဆိုတော့ ရှိတာဘဲ တိုက်ရမှာပေါ့"