မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာတော့ နိုဝင်ဘာဟာ သိပ်မအေးသေးသော်လည်း နောင်ချိုမြို့လေးမှာတော့ အေးစပြုနေပြီဖြစ်သည်။
အခန်းကလုံပေမဲ့လည်း ဂွမ်းစောင်ထူထူကိုတော့ မနက်ခင်းမှာခြုံရသည်။ညတုန်းကတော့ မအေးဘူးဆိုပြီး ခြေရင်းမှာချထားမိသော စောင်ကို မိုးလင်းခါနီးမှာတော့ထရှာရသည်။ စောင်ခြုံလိုက်မှပဲ အေးနေသောရာသီဥတုကို တွန်းလှန်နိုင်တော့သည်။
မနက်ဝေလီဝေလင်းသာရှိသေးသော်လည်း သူများနိုင်ငံမှာ နေခဲ့တုန်းကပါနေသောအကျင့်အရ မျက်လုံးတွေက သူ့အချိန်မှာ အော်တိုနိုးတက်သည်။ နိုးစက်သံကိုမကြားရတော့တာကြောင့် တစ်ခုခုလိုနေသလိုခံစားရသေးသည်။
မိုးလင်းလာလျှင် နှိုးစက်မြည်တာနဲ့တစ်ခါထဲထရပြီး ချက်ပြုတ်စရာရှိတာချက်ရသည်။ အလုပ်ချိန်မှီဖို့ မြေအောက်ရထားဘူတာကိုပြေးရသည်။ အလုပ်ထဲရောက်လျှင်လဲ ကွန်ပျူတာရှေ့ကမခွါရသလို အချိန်နှင့်စက်ရုပ်တွေလို အလုပ်လုပ်နေရသည်။
အခုကြတော့ နိုးနေသော်လည်း အိမ်မှာပါလား ဟူသောအသိကြောင့် စောင်ခြုံထဲကနေမထဖြစ်ပဲ ဆက်အိပ်နေမိသည်။ ဘယ်လောက်တောင် ဇိမ်ကျလိုက်လေသလဲ။
ဇိမ်ယူရင်းကနေ အမှန်တကယ်ကို အိပ်ပျော်သွားမိတော့ နောက်တစ်ခါနိုးလာချိန်မှာတော့ နေကအတော်ပင်မြင့်လို့နေပြီဖြစ်သည်။အိပ်ရာထဲကထပြီး အနည်းငယ်ရှုပ်ပွနေသော ဆံနွယ်တွေကို ခေါင်းဖြီးလိုက်ကာ ခေါင်းစီးကွင်းဖြင့်စီးလိုက်ပြီး အောက်ထပ်ကိုဆင်းလာတော့ မီးဖိုချောင်မှာ ချက်ပြုတ်နေသော ထွေးလေးကိုတွေ့ရသည်။
"ဘာတွေချက်နေတာလဲ"
"မကြီးနိုးလာပြီလား မျက်နှာသစ်ချည်လေ ထမင်းကြော်ထားတယ်"
"အင်း"
အိမ်အနောက်အဆောင်နှင့်တွဲလျက် ရေချိုးခန်းအိမ်သာအခန်းရှိသော်လည်း အမေအညာရဲ့ဓလေ့အရ အိမ်ရှေ့မှာပဲမျက်နှာသစ်ကြတော့ ခြံတံခါး၏ဘေးဖက်တွင်ကျောက်ခွေချထားကာ ရေကန်လုပ်ထားသည်။
နေထွက်လာပြီဆိုသော်လည်း ညသိပ်ရေကန်ထဲကရေကတော့အေးစက်လို့နေသည်။