မန္တလေးဆောင်းရဲ့မနက်ခင်းဟာတော့ တောင်ပေါ်မြို့တွေလိုတော့မဟုတ်ပေမဲ့ နှင်းတော့အနည်းငယ်ဝေပါသည်။ အဆောင်ပေါက်ဝကနေထွက်လာသော ပုံရိပ်လေးကိုမြင်တော့ မနက်ခင်းရဲ့အအေးဓာတ်ဟာပြယ်လွင့်လို့ နွေးထွေးသွားသယောင်ယောင်။ ညတုန်းကဖုန်းပြောကြတော့ ဘုရားကြီးသွားကြရအောင်ဆိုပြီးပြောလာတော့ ရပ်ဝန်း မနက်စောစောမှာပဲ လမ်းထိပ်မှာစောင့်နေသည်။
"အေးလိုက်တာ"
ဘုရားသွားမှာမို့လို့ ဝတ်ဆင်ထားသော မြန်မာဝတ်စုံအပေါ်မှာ ဆွယ်တာတစ်ထပ်ထဲကိုပဲထပ်ထားတော့ အေးနေသည်ထင်သည်။ နှာသီးဖျားလေးတွေတောင် အနည်းငယ်နီရဲနေသလိုပင်။
"အနွေးထည်ထူထူဝတ်လေ အိမ်ကလေးရယ် နှာခေါင်းလေးတွေတောင်ရဲနေပြီ"
အိမ်ကလေးရဲ့ အေးစက်နေတဲ့ လက်တွေကိုရပ်ဝန်းဆုပ်ကိုင်လိုက်ပြီး အနွေးဓာတ်ပေးလိုက်သလို အနောက်ခန်းမှာထားထားသော စောင်တပတ်အပါးကို အိမ်ကလေးရဲ့ကိုယ်ပေါ်ခြုံပေးလိုက်တော့ အိမ်ကလေးကရယ်သည်။
"ဘာလို့ရယ်တာလဲ"
"ဂရုစိုက်ခံရတာ သဘောကျလို့"
"နောက်ကျမှ စိတ်ရှုပ်တယ်လို့မပြောကြေးနော်"
ရပ်ဝန်းရဲ့ပါးပြင်ကိုနှာခေါင်းလုံးလုံးလေးကထိတွေ့လာတော့ ရပ်ဝန်းရဲ့နှုတ်ခမ်းတွေဟာ အပြုံးတွေတွဲခိုသွားရသည်။
"အစ်မသိလား အစ်မကပြုံးလိုက်ရင် အရမ်းကိုချိူမြိန်တယ်ဆိုတာ"
"အခုသိပြီလေ"
နှာခေါင်းလုံးလုံးလေးကိုဆွဲညှစ်လိုက်တော့ အိမ်ကလေးမျက်နှာလေးရှုံ့မဲ့သွားတာကအစချစ်စရာပင်။
"မန္တလေးသာရောက်ဖြစ်တာ ပလိပ်ကိုမသွားဖြစ်ဘူး အမျိုးတွေကတော့ပြောတော့မှာပဲ"
"အိဖြူတောင် အိမ်ပြန်သွားတယ် ချယ်ချယ်ရောပဲ ကျူရှင်လဲပိတ်တယ်ဆိုတော့"
"အင်း မနက်စာဘာစားမှာလဲ"
"ဘုရားကြီးတောင်အပေါက်နားကမုန့်ဟင်းခါးစားမယ်လေ စားလို့ကောင်းတယ် အဲ့ဒီဆိုင်က"