မန္တလေးမှာဆိုရင် သာမန်ဂွမ်းစောင်လောက်ဆိုရင်အဆင်ပြေသော်လည်း နောင်ချိုရဲ့အအေးဒဏ်ကတော့ ဂွမ်းစောင်ထူထူနှစ်ထည်ထပ်တာတောင်မှ အေးလို့နေတုန်းပင်။ ထပ်ပြီးစောင်ထပ်ရရင်လည်း စောင်ပိကာသေတော့သည်။ မနက်ခုနှစ်နာရီထိုးခါနီးနေသော်လည်း ချမ်းလို့မထနိုင်သေး။
"အေးလိုက်တာဟာ အနွေးထည်ထူထူကလည်းမပါဘူး ငါတို့တော့ တိမ်ပင်လယ်သာသွားရင်ခဲသွားမယ်ထင်တယ်"
ဘေးနားကချယ်ချယ်ကလည်း စောင်ခြုံထဲကမျက်နှာလေးတင်ဖော်ကာရေရွတ်ပြောဆိုနေသည်။
"ဟုတ်တယ် လာချင်ဇောနဲ့မေ့နေတာ"
"အေးပေါ့ နင်ကတော့ မကြီးရင်ခွင်ရှိတော့မချမ်းပေမဲ့ ငါတို့ကတော့ အေးတယ်ဟေ့ ထွေးလေးဆီကအနွေးထည်ငှါးရမလားပဲ"
"ဝယ်ရင်လည်း မန္တလေးဆောင်းဆို ဝတ်ဖြစ်မှာမဟုတ်ဘူး"
"ဒေါက် ဒေါက် ချယ်ချယ် မြတ်နိုးထတော့ ခေါပုတ်ကြော်စားရအောင် အေးသွားလိမ့်မယ်"
အိဖြူမရဲ့အော်သံကြောင့် မထချင်ထချင်နဲ့ထလိုက်ရသည်။ မနေ့က အစ်မရပ်ဝန်းရဲ့ရင်ခွင်နွေးနွေးမှာ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ ထွေးလေးတို့ အစ်မရပ်ဝန်းအမေတို့ပါပြန်ရောက်နေလေပြီ။ အစ်မရပ်ဝန်းအမေက အိဖြူကိုဆိုင်ကယ်နဲ့လာရမလားဆိုပြီး ဆူနေလို့ မြတ်နိုးတို့ပါ ဝင်နားထာင်လိုက်ရသည်။
ညဖက်ကြတော့ စကားတွေပြောဖြစ်ကြပေမဲ့ အုပ်စုလိုက်ဆိုတော့ အစ်မနှင့်သူနဲ့နှစ်ဦးထဲစကားဝိုင်းတော့မဟုတ်ခဲ့ပေ။ သို့သော်လဲ အေးလွန်းလို့ စကားပြောနေရင်း စောင်တစ်ထည်တည်းကိုနှစ်ယောက်ခြုံထားတော့ လက်ဖဝါးပြင်နွေးနွေးရဲ့အထိအတွေ့ကိုရသည်။ တစ်ခါတစ်ခါ မသိမသာဖြင့် မြတ်နိုးရဲ့ပခုံးစွန်းကိုမှီမှီလာသော အစ်မကို အူယားစွာကိုက်ပစ်လိုချင်သည်။
စကားတွေသာပြောနေကြတာ စောင်အောက်ကနေ မြတ်နိုးရဲ့လက်တွေကိုကစားနေသော အစ်မကြောင့် ညကစကားဝိုင်းဟာဘာတွေပြောသွားကြမှန်းတောင်မသိပေ။
"လာကြ သမီးတို့ ခေါပုတ်ကြော်ပူပူလေးစားကြဦး"
"ဆိုင်မသွားရဘူးလား ဒီနေ့"