ကျောင်းပိတ်ရက်ရဲ့ညနေခင်းမှာတော့ ၆၂ လမ်းပေါ်က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နဲ့မျက်နှာချင်းဆိုင် Korea spicy level ဆိုင်မှာလေးယောက်သားဆုံနေကြသည်။ နှစ်ယောက်ထဲတွေ့တွေ့နေတာကမကောင်းတာကြောင့် အစ်မရပ်ဝန်းက အိဖြူကိုလာတွေ့သလိုနှင့် သူတို့ သုံးယောက်လုံးကို မုန့်လိုက်ကျွေးတာဖြစ်သည်။
နဂိုထဲကအသစ်ဖွင့်သော spicy level ဆိုင်ကိုစမ်းကြည့်ချင်နေတာကြောင့် နီးနီးနားနားဒီဆိုင်ကိုပဲရွေးလိုက်ကြသည်။
"စားချင်လို့ရွေးသာရွေးရတာ မကြီးကိုတော့အားနာပါတယ် အစပ်မစားတဲ့မကြီးက ခွင့်လွှတ်ပါဦး"
အိဖြူရဲ့ပြောင်ချော်ချော်အပြောကြောင့် မြတ်နိုးကြောင်သွားကာ ဘေးနားမှာကပ်လျက်ထိုင်နေသော အစ်မကိုငဲ့စောင်းကြည့်လိုက်တော့ အစ်မကသူ့ရဲ့ချိုမြမြအပြုံးတွေကိုပြုံးလိုက်ပြီး မြတ်နိုးကိုဘာမှမဖြစ်ပါဘူးဆိုသည့်အကြည့်ဖြင့်ကြည့်သည်။
"ငါက ပင်လယ်စာနဲ့ level 3 လောက်စမ်းကြည့်မယ် ချယ်ချယ်နင်ရော"
"ငါကအစပ်သိပ်မစားနိုင်ဘူး ငါက level 2 အမဲသားနဲ့"
"မြတ်နိုးကရော"
"ငါက ပင်လယ်စာနဲ့ပဲ level 3 ပဲစားမယ် အစ်မအတွက်က ဒီတိုင်း level နဲ့မဟုတ်ပဲ ရိုးရိုးပုံမှန်ပဲလုပ်ပေးပါနော် ဘာနဲ့စားမလဲ အစ်မ"
"ပင်လယ်စာနဲ့ပဲ"
ခပ်ချိုချိုနှင့်နှစ်လိုဖွယ်အကြည့်တွေဟာ မြတ်နိုးဆီရောက်လာတော့ ပြုံးလိုက်ချင်ပေမဲ့ အိဖြူတို့ရှိနေတာကြောင့် ခေါင်းငုံ့ကာမျက်နှာလွှဲလိုက်မိသည်။
"ပင်လယ်စာ အလားဂျစ်ရှိတဲ့တစ်ယောက်ကတော့ လူဖြစ်ရကျိုးကိုမနပ်ဘူး ဟော့ပေါ့စားလည်း ထိုင်နေရရှာတာ"
"ချယ်ချယ်က ပင်လယ်စာနဲ့မတည့်ဘူးလား"
"ဟုတ်တယ် ဟီးဟီး ပုဇွန်ကတော့နည်းနည်းစားလို့ရတယ် ကျန်တာကလုံးဝမရဘူး"
"ညီမရော မတည့်တာရှိလား"
မြတ်နိုးဖက်ကိုငဲ့စောင်းမေးလာတော့ အစ်မရဲ့အကြည့်တွေဟာ နွေးထွေးမှုအပြည့်ဖြစ်သလို ကြည်နူးရိပ်တွေစွန်းထင်းနေသည်ဆိုတာကလည်းသိသာလို့နေသည်။