မြေပြန့်ကနေ တောင်ပေါ်မြို့ဆီကိုတက်လာစဉ်မှာ ပြောင်းလဲသွားသောအရာက ရာသီဥတုအပူချိန်ပင်။ မနက်စာစားပြီးနောက် ရှစ်နာရီထိုးသောအချိန်တွင် မန္တလေးကနေ ပြင်ဦးလွင်ကိုတက်လာခဲ့တော့ ပူအိုက်မှုကို အနည်းငယ်ခံစားရသော်လည်း ပြင်ဦးလွင်မြို့ရှောင်လမ်းကိုဖြတ်တော့ အပူချိန်ကလျော့ကျသွားသလို ကားရဲ့အဲကွန်းကပိုအေးသလိုခံစားလာရ၍ လျော့ချလိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ဖွင့်ထားမိသော ရေဒီယိုလိုင်းကနေ စိုင်းထီးဆိုင်ရဲ့ ရာသီပြောင်းချိန်သီချင်းကထွက်ပေါ်၍နေသည်။
ရာသီပြောင်းချိန်မှာအဖော်ကွာလို့ အပြင်ရော အတွင်းရော ဥပါဒ်ဝင်
ခပ်တိုးတိုးလိုက်ညီးမိတော့ အဖော်ကွာတာတင်မဟုတ်ပဲ အဖော်မရှိသော ကိုယ့်အဖြစ်ကိုတွေးမိသွားတော့ ခပ်တိုးတိုးရယ်လိုက်မိသည်။ မရောက်ဖြစ်တာ နှစ်အနည်းငယ်ကြာပြီဆိုသော်လည်း ဒီလမ်းတွေကတော့မှတ်မိနေဆဲဖြစ်သလို အိမ်အပြန်လမ်းကိုလည်း ဘယ်တော့မှမမေ့ပေ။
နိုင်ငံရပ်ခြားမှာ နှစ်အကြာကြီးနေခဲ့သည့်အချိန်များတွင် ချယ်ရီတွေကိုလည်းလွမ်းသလို စိန်ပန်းပြာတွေကိုလည်း လွမ်းသည်။ အထပ်မြင့်အဆောက်အဦးတွေ မြေအောက်ရထားတွေ စက်ရုပ်တွေလို အချိန်နှင့်အလုပ်လုပ်နေရတဲ့သူတွေကိုနေ့စဉ်တွေ့ရတိုင်း အသက်ဝင်လှပနေတဲ့ တောင်တန်းတွေကို သတိရမိသလို လတ်ဆတ်သည့်လေထုကိုရှုရှိုက်လိုသည်။
မနက်စာ နေ့လည်စာ ညနေစာတွေကိုဖြစ်သလိုစားရသောအချိန်မှာ အမေ့၏ပူနွေးနေသော ထမင်းဝိုင်းမှတ်မိသည်။
အတွေးများစွာဖြင့် ကားမောင်းရသည်မှာ မကောင်းသော်လည်း မတွေးပဲမနေနိုင်ချေ။ အိမ်အပြန်လမ်းဟူသော အသိက ရင်ကိုနွေးထွေးစေသလို အိမ်ဟူသော ဝေါဟာရက သူ့အတွက်လုံခြုံနွေးထွေးမှုကို ခံစားရစေသည်။ဖုန်းမြည်သံကြားလိုက်ရတာကြောင့် အာရုံအနည်းငယ်လွတ်နေရာကနေ ဖုန်းကိုကိုင်လိုက်တော့ အမေဟူသော နာမည်ကြောင့် နွေးထွေးသွားရသည်။
"ဟယ်လို မေမေ"
"ဘယ်ရောက်ပြီလဲ သမီးကြီး"
"မြို့ရှောင်လမ်းကျော်လာပြီ မြန်ပါတယ် လမ်းကောင်းလို့"