နောင်ပိန်ဘူတာကိုရောက်တော့ သူတို့အားလုံးဆင်းလိုက်ကြသလို နေ့ချင်းပြန်မည့်တခြားသူတွေရော နိုင်ငံခြားသားတော်တော်များများရောဆင်းကြသည်။ တချို့ကြတော့ သီပေါတို့လာရှိုးတို့ဆက်သွားကြမည်မို့ ရထားပေါ်မှာလည်း လူများသည်။
နောင်ပိန်ဘူတာဟာလည်း သေးသေးလေးပင်။ သို့သော်လည်း သပ်ရပ်ကာ ပန်းပင်တွေကို ဘူတာတဝိုက်စိုက်ပျိုးထားတာကြောင့် ကြည့်ရတာမျက်စိပဒဿဖြစ်သည်။
ဘူတာကနေ ပြင်ဦးလွင် မန္တလေးကိုပြန်လိုက်မည့်သူတွေများတာမို့လို့ နောင်ချိုဘူတာလိုတော့ခြောက်ကပ်ကပ်မဟုတ်ပေ။ လူလည်းအတော်စည်းကားသလို စျေးသည်တွေကလည်း ကောက်ပြန်လိုက်နေတာမို့လို့ မုန့်ရောင်းတဲ့သူတွေလည်း အတော်များသည်။
"ဂူထဲကိုဝင်တော့ တော်တော်ကြောက်သွားတာ ထွေးလေးနဲ့ အိဖြူမရဲ့လက်တွေကိုအသေကိုင်ထားရတာ"
"ဟုတ်လား ညီမလေးလဲ ကြောက်တတ်တာလား"
"ဟုတ်တယ် ဟိုလိုတော့မဟုတ်ဘူး မှောင်နေရင်ကြောက်လို့"
"နာနတ်သီးစားမလား ရင်တုန်နေတာဆိုရင် အချဉ်စားလိုက်"
နာနတ်သီးသုတ်တွေရောင်းနေသော စျေးသည်ကိုခေါ်ကာ လူခြောက်ယောက်စာဝယ်လိုက်သည်။ မြတ်နိုးကတော့ အစ်မရပ်ဝန်းရဲ့အပြုအမူတွေကိုလိုက်ကြည့်ရင်း နှုတ်ခမ်းတွေကထော်လာကာ စိတ်ကကောက်ချင်လာသည်။
ချယ်ချယ်ကိုကြတော့ အကြောက်ပြေအောင် နာနတ်သီး ဝယ်ကျွေးပြီး သူ့ကိုကြတော့ဘာလို့မမေးရသည်လဲ။အိဖြူလှမ်းပေးသော နာနတ်သီးထုပ်ကိုမယူပဲ ချက်ချင်းငြင်းလိုက်သည်။
"ငါမစားချင်ဘူး"
"ဘာလို့လဲ နင်ပဲကျောင်းတုန်းကဆို ညနေတိုင်းနာနတ်သီးသုတ်သွားသွားဝယ်စားနေပြီးတော့"
"အခုမစားချင်လို့လေ"
"ပြီးရော ငါစားလိုက်မယ်"
အရည်ရွှမ်းကာ စပ်စပ်လေးသုတ်ထားသော နာနတ်သီးကစားချင်စဖွယ်ဖြစ်နေသော်လည်း စိတ်ကောက်ချင်နေတာကြောင့် မစားတော့ပဲမျက်နှာလွှဲလိုက်သည်။ စက္ကူပန်းနီနီတွေပွင့်နေသော ပန်းရုံတွေကိုပဲ လိုက်ကြည့်လို့နေလိုက်သည်။