ဘုရားရိပ် တရားရိပ်မှာနေရတာအေးချမ်းသလို သဘောကျတဲ့သူအရိပ်ဟာလည်း နွေးထွေးတယ်မလား။ အစ်မရပ်ဝန်းရဲ့ အပြုံးချိုချိုတွေကိုကြည့်ရင်း ရင်ထဲမှာဖြစ်ပေါ်လာသည့် ဘယ်လိုစကားလုံးနှင့်ဖော်ပြရမလဲမသိသော ခံစားချက်တွေဟာ ဖြတ်ပြေးလို့နေသည်။
လက်ဖဝါးနုနုကအထိအတွေ့ဟာ နှစ်လိုဖွယ်ခံစားချက်ကိုပေးစွမ်းသလိုပင်။"ချယ်ချယ့်ဆီ ဖုန်းဆက်လိုက်တာလား"
"ဟုတ်တယ်.. ထွေးလေးဆီကိုလှမ်းမေးရသေးတယ် အိဖြူဆီဆက်မလို့ပဲ ဒါပေမဲ့ မကောင်းဘူးထင်လို့"
"အင်း အိဖြူမသိစေနဲ့"
"ဘာကိုလဲ"
"အစ်မနဲ့တွဲနေတာကိုလေ သူငယ်ချင်းရဲ့အစ်မကိုတွဲရတာက ဘယ်လိုပြောရမလဲ နည်းနည်းမျက်နှာပူတယ် ပြီးတော့ တကယ်လို့များမတော်တဆရန်ဖြစ်ခဲ့ရင်လည်း သူကကြားထဲကနေရခက်ဦးမယ် ပြတ်သွားမယ်ဆိုရင်ပိုဆိုးပေါ့"
"တစ်သက်လုံးဖုံးထားလို့မှမရတာကို အိမ်ကလေးရဲ့"
"မသိဘူးကွာ လောလောဆယ်မပြောချင်ဘူး"
ရပ်ဝန်းရယ်လိုက်မိသည်။ ကောင်မလေးရဲ့လက်တွေကိုဖျစ်ညစ်ဆုပ်ကိုင်လိုက်ရင်း ပါးဖောင်းဖောင်းလေးကို နှာခေါင်းချွန်ချွန်တွေနစ်ဝင်အောင်နမ်းလိုက်မိသည်။
"လူတွေနဲ့ကို"
"ဘယ်မှာရှိလို့လဲ"
ခရေပင်ရိပ်ကအရိပ်ကောင်းပေမဲ့ အတွဲတွေကတော့ ဟာလာဟင်းလင်းမှာထိုင်ချင်ပုံမရပေ။ ခပ်လှမ်းလှမ်းမှာ အတွဲတစ်တွဲရှိသော်လည်း သူတို့အာရုံနှင့်သူတို့ပင်။
"သနပ်ခါးလိမ်းချင်သေးလား"
"မိတ်ကပ်လိမ်းထားတာကို မလိမ်းတော့ဘူးလေ"
"ဘာစားချင်လဲ သွားစားကြမယ်လေ"
"တော်ပြီလေ အိမ်ပြန်ပြီးထမင်းစားရဦးမှာ မေမေက အိမ်ပြန်ထမင်းမစားရင်ဆူခံရလိမ့်မယ် လိုက်ခဲ့ပါလား နေ့လည်စာစားပြီးမှပြန်လေ"
"ယောက္ခမကြီးနဲ့ပေးတွေ့တော့မလို့လား"
ကောင်မလေးကမျက်စောင်းနုနုထိုးတော့ ရပ်ဝန်းရယ်လိုက်မိပြန်သည်။ ဒီကောင်မလေးကြောင့်ဖြစ်ပေါ်လာရသည့် နှစ်လိုသဘောကျခြင်းတွေ အပြုံးတွေ ပျော်ရွှင်မှုတွေဟာ ရပ်တန့်၍မရသလို ဘယ်အချိန်မှာပဲပြန်တွေးမိပါစေ နှုတ်ခမ်းဖျားမှာ အပြုံးတို့ကဖြစ်ထွန်းရသည်။