အပိုင်း (၆)

6.4K 550 15
                                    

ညနေလေးနာရီခွဲလောက်မှာတော့ အိဖြူရော ချယ်ချယ်ပါ အိပ်မှုံစုန်မွှားဖြင့်ထလာကြလေသည်။
မြတ်နိုးရောပါ အခန်းထဲကထွက်လာတော့ အိမ်ရှေ့ခန်းက ဆက်တီပေါ်မှာ Laptop နှင့်အလုပ်လုပ်နေသော အစ်မက သူတို့ကိုပြုံးပြသည်။

"အိပ်ရာနိုးကြပြီလား အဝတ်အစားလဲကြဦးမလား မြို့ထဲဟိုကြည့်ဒီကြည့်ပို့ပေးမယ်လေ သွားစရာနေရာတော့သိပ်မရှိဘူးရယ် ညနေစျေးဝင်ပြီးမုန့်စားချင်ရင်တော့ရတယ်"

"မကြီး ထွေးလေး ထမင်းမချက်တော့ဘူးနော် အဲ့ဒါဆို မုန့်စားလိုက်ကြစို့လေ ညကျဗိုက်ဆာရင် ခေါက်ဆွဲကိုစပယ်ရှယ်ပြုတ်ကျွေးမယ်"

"အမေပြန်လာရင်ဆူခံထိမယ်နော်"

"အမေကပြန်မလာလောက်ဘူး ဆိုင်ပဲသွားကြတာပေါ့"

"အိုခေ"

သုံးယောက်သားဟိုပြင်ဒီပြင် ပြင်ဆင်တာကို အစ်မသင့်ရပ်ဝန်းနှင့် ထွေးလေးကထိုင်စောင့်နေတော့ အားနာရသေးသည်။
ကားပေါ်တက်ပြီး မောင်းထွက်တော့ ပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်ကြည့်မိသည်။

"အစ်မလည်းပြန်ရောက်တာမကြာသေးတော့ အရင်လို လမ်းတွေကိုသိပ်မမှတ်မိချင်တော့ဘူး ထွေးလေးပဲလမ်းပြနေရတာလေ အခုရော ဘယ်ကိုအရင်သွားကြမလဲ"

"မကြီးကလည်း ဘယ်သွားစရာရှိလို့လဲ သပြေတောင်ဘုရားပဲရှိတာကို ညနေဖက်ဆိုရင်တော့ထိုင်လို့ကောင်းတယ် သံသရာအေးစေတီက"

"ဟုတ်ပြီလေ အဲ့ဒီပဲမောင်းလိုက်မယ်"

မြို့အနီးတဝိုက်တွေကတော့လည်ပတ်စရာပေါပေမဲ့ မြို့တွင်းကတော့ လည်စရာသိပ်မရှိပေ။ သပြေတောင်က သံသရာအေးစေတီမှာပဲ ညနေညနေဆို ထိုင်ကြသည်။ တောင်ကုန်းဆိုတော့ စီးမြင်နေရတော့လှသည်။ ညနေဖက်ဆို လေအေးအေးနှင့်ထိုင်လို့ကောင်းသလို အေးအေးဆေးဆေးစကားပြောချင်သူတွေအဖို့လည်း အဆင်ပြေသည်။

အိဖြူတို့သုံးယောက်ကတော့ ဘယ်သွားသွားဘာမှမဖြစ်သည်မို့ အေးဆေးပင်။

သပြေတောင်ကိုရောက်တော့ ညနေငါးနာရီထိုးလုပြီ။ ဆောင်းဝင်လာပြီဆိုတော့ ရာသီဥတုကအနည်းငယ်အေးသလို နေ့တာကလည်းတိုလာသည်။ ဘုရားပေါ်မှာတော့ လူအများကြီးမရှိသော်လည်း လေးငါးဆယ်ယောက်လောက်ကတော့ရှိသည်။ တချို့ကလည်း အတွဲဖြစ်သလို ရင်ပြင်မှာချပေးထားသော သံပန်းခုံတွေမှာထိုင်ရင်းစကားပြောနေကြသည်။

နှလုံးသားရပ်ဝန်းWhere stories live. Discover now