အပိုင်း -- ၁၈

7.5K 705 39
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦

🍀🌹

နံရံကိုကျောမှီ၍ တံခါးအကွယ်လေးမှာ ခွန်းအရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။ဧည့်သည်နှင့်စကားပြောနေသည်ဆိုသော မနှင်းအပြောကြောင့် ဖေဖေနှင့်မေမေရှိရာ စာဖတ်ဆောင်ထဲသို့လိုက်လာခဲ့ပေမယ့် ကြိုရောက်နှင့်နေသည့် ဧည့်သည်ဆိုသူအမျိုးသမီးဟာ လမင်းထက်သာ၏အမေဖြစ်နေခဲ့သည်။
သာမန်မျှသာတွေးထင်၍ တံခါးကိုဖွင့်လိုက်မိတော့ ဆီးကြိုလင့်သောစကားလုံးတွေဟာ သူမနားလည်ဖို့ရာခက်ခဲလှသည်။

"သမီးနေပြန်ကောင်းသွားရင် ကျွန်မအိမ်ပြန်ခေါ်သွားမယ်ဦးဘုန်းထက်သာ။တစ်သက်လုံး သမီးရဲ့မိဘက ကျွန်မတစ်ယောက်တည်းပဲ"

လူကြီးတွေပြဿနာဖြစ်နေဟန်ကြောင့် ခွန်းရှေ့ဆက်မတိုးတော့ဘဲ အနီးအနားရှိစာအုပ်စင်လေးအကွယ်၌သာ ရပ်နေမိ၏။
တဖြည်းဖြည်းချင်း သူမသိလာရသောအကြောင်းအရာတွေဟာ အိပ်မက်တစ်ခုဖြစ်ချင်လောက်တဲ့အထိ ဆိုးရွားလွန်းလှ၏။
ထင်မထားသည့်အမှန်တရားတစ်ခုဟာ လမင်းထက်သာက မေမေစွန့်ပစ်ခဲ့သည့်ကလေးတဲ့လား။ထိုအရာဟာငြင်းမရသောအမှန်တရားဆိုလျင် သူမကရော။ ခွန်းရဂုံနွယ်ဆိုသည့်သူမက ဖေဖေနှင့်မေမေလက်မထပ်ခင်ကတည်းက လောကကြီးထဲရောက်ရှိနေနှင့်ပြီးသားဖြစ်နေခဲ့တာ။ငယ်စဥ်ကတည်းက သူမအပေါ်နွေးထွေးဂရုစိုက်ပေးခဲ့သည့်မိဘနှစ်ပါးဟာ သူမရဲ့မွေးကျေးဇူးရှင်တွေမဟုတ်ဘူးဆိုသည့် အမှန်တရားက တော်တော်ကိုနာကျင်စရာကောင်းလှသည်။

ဖေဖေနှင့် လမင်းထက်သာမွေးစားအမေ စာဖတ်ဆောင်ထဲမှထွက်သွားတော့ သူမအကွယ်ကနေထွက်လာမိသည်။သူမကိုစိုက်ကြည့်လာသည့် မေမေ့မျက်နှာမှာ စိတ်ပူပန်မှုတွေအထင်းသား။

ဘယ်လိုလုပ်ရပါ့မလဲ မယုံချင်ချင်လွန်းသည့်အကြောင်းအရာက သူမဘဝရဲ့အမှန်တရားတဲ့လား။အစသိပြီးမှတော့ အဆုံးထိမေးရပေလိမ့်မည်။သူမက လမင်းထက်သာလို ရက်ရက်စက်စက်စွန့်ပစ်ခံခဲ့ရခြင်းမဟုတ်ဖို့ရာတော့ မဝံ့မရဲမျှော်လင့်မိပါသည်။

"သမီး......ဘယ်အချိန်ကတည်းကရောက်နေတာလဲ "

ပျက်ယွင်းနေသောမျက်နှာကို ဟန်မပျက်ထိန်းပြီး သူမကိုမေးလာသည့်မေမေ့စကား။ကြားခဲ့ရသောအကြောင်းအရာတွေကို နာနာကျင်ကျင်နဲ့ပြန်ပြောမပြနိုင်တော့။သိရှိလိုသည့်အရာတစ်ခုကိုသာ သူမမေးလိုက်မိသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now