𝘜𝘯𝘪𝘤𝘰𝘥𝘦
𓆩🍃𓆪
အနည်းငယ်နေရခက်သည်ဟူသော အကြောင်းပြချက်နှင့် လသာဆောင်ဝရံတာကိုထွက်လာခဲ့မိသည်။မေမေကတော့ အခန်းထဲမှာ သူ့အဝတ်တွေသိမ်းဆည်းရင်းအလုပ်များနေ၏။မေသွန်းကတော့ မမလင်းနှင့်အောက်ထပ်မှာကျန်နေခဲ့သည်။
အမှန်တော့ခြံထဲမှလွဲလျင် သူ့မှာသွားစရာနေရာမရှိ။ခြံထဲသွားမည်ဆိုလျင် ဂုဏ်ချင်းထပ်နေသော ထိုလူတွေရှေ့မှဖြတ်ရမည်။ထို့ကြောင့် မသွားတော့ဘဲ တစ်အိမ်လုံးမှာထိုအမျိုးသမီး ပုံရိပ်တို့နှင့်ကင်းလွှတ်ရာကိုရှာဖွေကာ စိတ်ငြိမ်အောင်လုပ်ရသည်။
လသာဆောင်ဝရံတာလက်ရန်းကိုအားပြုကိုင်ကာ တိမ်မဲ့နေသောကောင်းကင်ပြာပြာကို ငေးစိုက်ကြည့်မိ၏။သို့ပေမယ့် အဓိပ္ပာယ်မဲ့ဦးတည်ရာမရှိသောအကြည့်များက စေ့စပ်ပွဲမှ သတို့သမီးအလောင်းအလျာလှလှကလေး၏ပုံရိပ်တို့သာ စွဲထင်နေသည်။
လေလွင့်နေသောစိတ်တို့က သူမနှင့်သိကျွမ်းခဲ့သည့်အချိန်မှစ၍ ယခုရပ်နေသည့်အခိုက်အတန့်အထိ ပြန်တွေးကြည့်မိသည်။
သူကပဲမရိပ်မိခဲ့ခြင်းလား။သူမကပဲ ဖုံးကွယ်တာတော်လွန်း၍လားမသိ။ခွန်းရဂုံနွယ်ဆိုသည့်သူမထံမှာ ချစ်သူရှိသည်ဆိုသည့်အရိပ်အယောင် တစ်ခုမှမမြင်တွေ့ခဲ့ရ။သို့ပေမယ့် သူဖွင့်ပြောခဲ့သည့်အချိန်က တစ်ချိန်မှာ သူအပိုင်ရနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မထားခဲ့မိအောင် သူမပြတ်ပြတ်သားသားငြင်းခဲ့သင့်သည်မလား။သူမက သူ့အတွက်တည်ရှိပေးနိုင်မယ့် ဖြစ်တည်မှုမျိုးမဟုတ်ခဲ့ဘူးဆိုတာ သူမပွင့်ပွင့်လင်းလင်းပြောခဲ့သင့်သည်။
ယခုတော့ ဘဝမှာပထမဦးဆုံး လက်မလွှတ်မခံချင်လောက်သည်အထိ မြတ်နိုးမိတဲ့လူသားတစ်ယောက်ဟာ ပိုင်ဆိုင်ရမည့်လူရှိနေပြီးသားဆိုတဲ့အမှန်တရားကို ဘာအရိပ်အမြွက်၊ဘာခန့်မှန်းချက်မှမပေးပါဘဲ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည့်နာကျင်မှုက ဟန်ပင်မဆောင်နိုင်။စိတ်ထဲရှိသလိုအော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်သည်။
အလွမ်းတွေပွေ့ပိုက်ပြီး မျှော်လင့်ခဲ့ရသည့်သူ့ကို ကြိုလင့်နေသည်က သိပ်ချစ်ရသည့်ထိုအမျိုးသမီး၏ စေ့စပ်ပွဲဖြစ်နေတော့ ကံကြမ္မာကသိပ်ကိုကျီစယ်လွန်းရာကျသည်။
YOU ARE READING
ကိုယ်ရွေးချယ်သည့် ကံ
Romanceနေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo ____________________________ နေရာမှားလာတာမကောင်းဘူး...... ဒါပေမယ့် ကံတရားမှားလာခဲ့ရင်ရော #Oo