ဦးမြင့်သူ၏ ဇာတ်ကြောင်းပြန်ပြောမှုကို ကြားပြီးကတည်းက လျှံဦးနွေမှာ စိတ်နဲ့ကိုယ် မကပ်သလို ဖြစ်နေရ၏။ သူမော်ဦးယံကိုလည်း မတွေ့ချင်သလို ဘယ်သူနဲ့မှလည်း အဆက်အသွယ် မလုပ်ချင်ပေ။
သူ့စိတ်ကို ဖြေဖို့က တော်တော်လေး ခက်နေသည်။ အလုပ်မှာလည်း အတွေးထဲမှာ နစ်မျောနေမိတာကြောင့် အမှားတွေချည်း လုပ်မိနေ၏။
သူ့မှာ တကယ်ကို မျှော်လင့်ချက် ကုန်ဆုံးတော့မယောင် ခံစားနေရသည်။
"လျှံလျှံရေ"
"ဟုတ်"
"ပင်ရင်းဆိုင်ကို သွားပြီး နေ့သုံးစားရိတ်ရှင်းပေးပါဦး"
Rayက ပြောလာတော့ သူနာခံစွာပဲ အိတ်ကို ဆွဲ၍ ကားလမ်းမပေါ် ရောက်ခဲ့သည်။ အခုတလော ပွဲတွေဆက်နေတာကြောင့် Rayရော သူရော အလုပ်များနေ၏။
တက်စီတစ်စီးက အဆင်သင့် ရပ်ထားတာ မြင်တော့ သူများများစားစား တွေးမနေဘဲ ပင်ရင်းဆိုင်ကို လိုက်ပို့ရန် ငှာရမ်းလိုက်သည်။
ကားပြတင်းကနေ တဆင့် သူငေးငိုင်နေတုန်းမှာပဲ လမ်းဘေးတစ်နေရာကို ကားက ရပ်သွားသည်။ သူက သတိထားမိလိုက်ပြီး အကြောင်းအရင်းကို မေးမည့်အချိန်မှာ သူရှိရာ နောက်ခန်းဆီကို တံခါးဖွင့်၍ လူတစ်ယောက်ဝင်လာသည်။
"နေထူးမာန်"
သူ၏ နောက်ဆုံးအသံကလည်း တိမ်ဝင်သွားရပြီး အသိစိတ်တို့ ဝေးဝါးသွားရသည်။ လက်ကိုင်ပုဝါအဝါရောင်တစ်ထည်က ဆေးတစ်မျိုးစွတ်ထားပုံရပြီး သူ၏ နှာခေါင်းနားကို တေ့ထားခြင်းဖြစ်သည်။
ခဏတာ ရုန်းကန်ပြီးနောက်မှာတော့ သူ၏အသိစိတ်လွတ်သွားရပါသည်။ လျှံဦးနွေ၏ အိတ်နှင့် ဖုန်းကို ကားလမ်းမပေါ်တွင် ပစ်ချလိုက်ပြီး ကားမောင်းသမားက နေရာတစ်ခုကို မောင်းနှင်သွား၏။
တစ်ဖက်မှာလည်း မော်ဦးက စီမံကိန်းအသစ်အတွက် အစည်းအဝေးပြုလုပ်နေခဲ့သည်။ ရုတ်တရက် ဖုန်းထဲက အသံမြည်လာတော့ သူ့မျက်ဝန်းတွေက ဖုန်းမျက်နှာပြင်ပေါ် ရောက်ရှိသွားသည်။
/လျှံဦးနွေကို ဖမ်းသွားပြီ၊ အခုအဲ့ဒီကားနောက် လိုက်နေတယ်/
YOU ARE READING
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
RomanceWise men say only fools rush in but I can't help falling in love with you.