Part 4

15K 1.5K 37
                                    

"ဒီတစ်ခေါက် လပတ်စာမေးပွဲမှာ အတန်းနေရာတွေ အပြောင်းအလဲ ရှိမယ်နော် သားတို့သမီးတို့၊ Aခန်းထဲ ရောက်အောင် ကြိုးစားကြတော့နော်"

ဆရာမ၏ စကားသံက ပြတ်သားစွာထွက်လာသည်။ အချိန်ခဏမျှကြာသောအခါ အတန်းခေါင်းဆောင်က လျှံဦးနွေတို့ကို အားကစားနေ့က ဓာတ်ပုံများ ဝေပေးသည်။

လျှံဦးနွေရသော ခွဲတမ်း ဓာတ်ပုံနှစ်ပုံတွင် တစ်ပုံက ငါးတန်းကျောင်းသားများ စု၍ ရိုက်ထားသော အဖွဲ့လိုက်ပုံ ဖြစ်ပြီး ကျန်တစ်ပုံမှာတော့ သူတို့ Cအခန်း သီးသန့် စု၍ ရိုက်ထားသော ဓာတ်ပုံဖြစ်သည်။ ဆုတံဆိပ်များစွာ လည်ပင်းမှာ ဆွဲထားသည့် မော်ဦးယံက ၀င့်ကြွားစွာပဲ အလည်တည့်တည့်တွင် ရပ်နေသည်။ သူ၀င်ပြိုင်သော ပြိုင်ပွဲတိုင်းတွင် ပထမရသည့် မော်ဦးယံကတော့  ထပ်ဆင့်ပင် ချီးကျူးခံရလေသည်။

နောက်ဆုံးလူတန်း၏ ဘေးအစွန်တွင်တော့ လျှံဦးနွေက နေရာယူထားသည်။ ‌ပုံထဲမှာတောင် ဝေးကွာလွန်းသည့် သူတို့အနေအထားက လျှံဦး‌နွေ ကို သိမ်ငယ်စေတာတော့ အမှန်ပင် ဖြစ်သည်။

"လျှံလျှံ ငါတို့ Aခန်းရောက်အောင် လုပ်ရ‌အောင်၊ အဲ့ဒါမှ မော်ဦးကို နင်နေ့တိုင်း တွေ့ရမှာပေါ့"

လျှံဦးနွေက ခေါင်းကုတ်၍ ပြုံးကာဆိုသည်။

"ငါက အဲ့လောက် မတော်ဘူးလေဟာ"

အမြဲတမ်းလိုလို အလျှော့ပေး၍ အားငယ်တတ်သည့် သူမသူငယ်ချင်းအတွက် ဆောင်းနှင်းမိုးက သက်ပြင်းချသည်။

"နင်ကလည်း စစ်မရောင်ခင် မြှားကုန်နေပြန်ပြီ၊ သုံးခန်းပေါင်းမှ လူအယောက်၁၂၀ပဲ ရှိတာကို ထိပ်ဆုံး အယောက် ၄၀ထဲ ပါရင် Aခန်းကို အေးဆေး ၀င်တယ်လေ"

ဆောင်းနှင်းမိုးက မုန့်စားမပျက် ပြောလေသောအခါ လျှံဦးနွေက သူ၏ ဂုတ်ထောက်ဆံပင်လေးများ လှုပ်ရမ်း သွားသည်အထိ ခါလိုက်ကာ ပြုံးလိုက်သည့်အပြုံးက မပီသပါ။

ဆောင်းနှင်းမိုးက လပတ်စာမေးပွဲတိုင်းတွင် ငါးတန်းတစ်တန်းလုံးစာအတွက် ဒုတိယအမြဲတမ်း ချိတ်သည်။ ယခုအကြိမ်မှသာ အခန်းပြောင်းမည်ဆိုလာ၍ ဆောင်းနှင်းကတော့ သေချာပေါက် ထိပ်ဆုံးခန်း ရောက်မည် ဖြစ်သော်လည်း လျှံဦးနွေကတော့ မတူပါချေ။

သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) CompletedDonde viven las historias. Descúbrelo ahora