အိမ်ဧည့်ခန်းထဲတွင် မော်ဦးယံက ဆေးလိပ်တစ်လိပ်ကို လက်ကြားညှပ်၍ ခြေထောက်ကို ချိတ်ကာ ထိုင်နေသည်။ အဖေဖြစ်သူ၏ အမည်းရောင်တောက်ပြောင်နေသော ကားကြီးက အိမ်ရှေ့မှာ ရပ်သွားသည့်အခါ သူ့နှုတ်ခမ်းတွေမှာ မဲ့ပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။
ထင်သည့်အတိုင်းပဲ သူ့အဖေက နောက်ထပ်မိန်းမတစ်ယောက် ထပ်ပြောင်းသွားပြန်ပြီ ဖြစ်သည်။ ဦးမော်စိုး၏ ခြေလှမ်းတို့က မော်ဦးယံကို တွေ့သောအခါ ရပ်တန့်သွားရ၏။
"မော်ဦးယံ၊ မင်းအသက် ဘယ်လောက်ရှိသေးလို့ ဧည့်ခန်းမှာ ထိုင်ပြီး ဆေးလိပ်သောက်နေရတာလဲ"
မော်ဦးယံက အပြုံးတစ်ခုကို လုပ်ယူလိုက်ပြီး အဖေဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်အသက်ကို အဖေ မမှတ်မိဘူးလား"
"ဘာ"
"ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်တာပဲလေ၊ အဖေ့ကိုလည်း ကျွန်တော် ဝင်မစွက်ဖက်ဘူး မဟုတ်လား"
"မင်းကိုယ်မင်း သိပ်တော်လှပြီလို့ ထင်ပြီး ငါ့စကားကို နားမထောင်တော့ဘူးလို့ ပြောချင်တာလား"
မော်ဦးယံစကား ဆက်ပြောလိုခြင်း မရှိသောကြောင့် အိမ်အပေါ်သို့သာ တက်လာခဲ့တော့သည်။ သူ့အဖေက ဘာလို့ အခုမှ လာပြီး ဒေါသထွက်ပြနေရတာလဲ။ ၁၇နှစ်လုံးလုံး တစ်အိမ်တည်း နေပြီး၊ နေကောင်းကျန်းမာကြောင်းတောင် မမေးတဲ့ အဖေက ဧည့်ခန်းမှာ ဆေးလိပ်သောက်တော့ ဒေါသထွက်တယ်ဆိုပဲ။ မော်ဦးယံ တွေးရင်း နှစ်လိုစွာ ပြုံးလိုက်သည်။ လိမ္မာတဲ့ကလေးထက် ဆိုးတဲ့ကလေးက ပိုချစ်ခံရသတဲ့။ သူ့မှာ အဖေ့အပေါ် နာကျဉ်းချက်တွေ ရှိသည်။ သူကြိုးစားခဲ့ပြီးပြီ။ သူ့အဖေဆီက ဂရုစိုက်မှုနဲ့ အရေးလုပ်မှုကို သူလုံးဝမရခဲ့ဘူး။
သူဆယ်တန်း ဖြေပြီးပြီးချင်းမှာပဲ သူ့အဖေက လူချမ်းသာအုပ်စုထဲက သူ့အရွယ် လူငယ်အချို့နဲ့ မိတ်ဆက်ပေးခဲ့သည်။ နေထူးမာန်၊ နီတာမိုး နှင့် သူရိန်ဆန်းတို့ပဲ ဖြစ်သည်။ နေထူးမာန်၏ အဖေဖြစ်သူက မြို့တော်ဝန်ကြီး ဖြစ်ပြီး သူ့သား နေထူးမာန်ကတော့ အတော်ကို ပျက်စီးနေသည့် လူငယ်တစ်ဦးဖြစ်ကြောင်း စတွေ့ကတည်းက သူသတိထားမိသည်။ ဒါပေမယ့် သူ့အတွေးထဲမှာ ဒီလူငယ်တွေက သူ့အဆင့်အတန်းနှင့် ပေါင်းရန် အသင့်တော်ဆုံးဟု မှတ်ယူတာကြောင့် သူအလိုက်အထိုက်တော့ ဆက်ဆံခဲ့သည်။
![](https://img.wattpad.com/cover/245817064-288-k492026.jpg)
VOCÊ ESTÁ LENDO
သို့...မှစ၍ ချစ်စကား (သို႔...မွစ၍ ခ်စ္စကား) Completed
RomanceWise men say only fools rush in but I can't help falling in love with you.