{ Prologue : လမင်းကိုကိုလေး }
ChatChlerm စံအိမ်မှာ နန်းမြို့တော်၏ ကူးသန်းရောင်းဝယ်မှု ဗဟိုချက်မ Charoen Krung ရပ်ကွက်တွင် တည်ရှိကာ ၊ ရှေးခေတ်ထိုင်းဗိသုကာနှင့် အနောက်တိုင်းဗိသုကာလက်ရာတို့အား အချိုးကျစွာ ပေါင်းစပ်ဖန်တီးထားသည်။ အိမ်၏ကို်ယ်ထည်မှာ ဘိလပ်မြေနှင့် ဆောက်လုပ်ထားကာ အဝါနုရောင်ဖြင့် ဆေးခြယ်သုတ်ထား၏။ Siam နိုင်ငံတော်၏ ပူအိုက်သော ရာသီဥတုအား လိုက်လျောညီထွေ စေရန် ပြတင်းတံခါးများအား များများစားစား တပ်ဆင်ထား၏။ ဤဒေသတစ်ဝိုက်၌ နေထိုင်ကြသောသူများမှာ ထိုစံအိမ်အား " Chat နန်းတော်" ဟု ခေါ်ဆိုကြသည်။ အကြောင်းမှာ ဤတံတိုင်းများ၏အလွန် ထိုခြံဝန်းကျယ်ကြီးထဲတွင် နေထိုင်စံမြန်းကြသောသူများမှာ မင်းမျိုးမင်းနွယ်အဆင့် ရှိသူများဖြစ်ကြောင်း သိရှိနေကြသောကြောင့်ဖြစ်၏။
တော်ဝင်သခင်မကြီး Pin Anong ChatChlerm သို့တည်းမဟုတ် KhunYing Pin မှာ မင်းသားကြီး Lert ၏ ကြင်ယာတော်ဖြစ်ကာ မင်းသားကြီး ကံတော်ကုန်သွားပြီးကတည်းက Chat အိမ်တော်၏ အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူထားရသည်။ ထို့အပြင် တစ်ဦးတည်းသောသားဖြစ်သူ တော်ဝင်သခင်လေး Phitchya Chatchlerm ၊ သို့တည်းမဟုတ် အိမ်ရှိအခြွေအရံများ ခေါ်နေကျအတိုင်းသာဆိုလျှင် KhunChai Phit အား တစ်ကိုယ်တည်း ထိန်းကျောင်းပဲ့ပြင်ရသေးသည်။
"မောင်တော်ဘုရား၊ ကျွန်မနှစ်ယောက်ရဲ့သားငယ်လေးဟာ အရမ်းကိုမှ ဆိုးသွမ်းလှပါတယ်။ ကျွန်မ ပဲ့ပြင်လို့တောင် မနိုင်တော့ဘူးရယ်"
KhunYing Pin မှာ ရှူဆေးဘူးအား ထုတ်ရှူလိုက်သည်။ လှပစွာ ပြင်ဆင်ခြယ်သထားသော မျက်ဝန်းများကလည်း နံရံပေါ်ချိတ်ထားသော မင်းသားကြီး၏ဓာတ်ပုံကို ငေးကြည့်လာ၏။ ထိုအမျိုးသားမှာ ယောက်ျားဆန်ကာ ခန့်ညားလျောမောသော ရုပ်သွင်ရှိသည်။ လည်တိုင်အထိ ကြယ်သီးတပ်ထားသော အဖြူရောင်လည်ပိတ်အင်္ကျီကို ဝတ်ဆင်ထားကာ လက်ကလည်း ခေါင်းပေါ်ဆောင်းထားသော panama ဦးထုပ်ကို ထိကိုင်ထား၏။
"ကျွန်မ တကယ် စိုးရိမ်နေရပါတယ်။ Chai Phit က စာအသင်မခံဘူး။ ရွယ်တူကလေးတွေကြား အောက်ကျနောက်ကျဖြစ်မှာစိုးလို့ ဆရာတွေခေါ်ပြီး အချိန်ပိုလာသင်ခိုင်းပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့သားက ဆရာတွေကို မရရအောင် ပြဿနာပေးပြီး တစ်ယောက်ပြီးတစ်ယောက်ကို ခြှောက်လှန့်နှင်ထုတ်ပစ်တယ်။ အခုဆိုရင် Chat နန်းတော်ရဲ့သခင်လေးက အကျင့်ပျက်ပြီး ဆိုးသွမ်းလှကြောင်း ဘန်ကောက်အနှံ့ သတင်းပျံ့နေလေရဲ့"
YOU ARE READING
မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }
Romanceကျွန်တော့်ရဲ့ လမင်းနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက ဒီအချစ်တွေကို လက်မခံမှတော့ ဒီနှလုံးသားဟာ "မြူနှင်းလွှာကြားက စန်းလသော်တာပမာ"သာ ဖြစ်ခဲ့လေတော့တယ်။ Original Title - ดั่งกัษษากรในม่านหมอก Author - นทกร