အပိုင်း - ၃ { အပြန်အလှန်ပေးပို့သော စာလွှာများ }

1.1K 182 43
                                    

အပိုင်း - ၃ { အပြန်အလှန်ပေးပို့သော စာလွှာများ }

"P'Khon ၊ စာရောက်တယ်"

Kanittha က အိမ်ရှေ့တွင် ဖိနပ်ထိုင်ချွတ်နေသော ယောက်ျားပျိုထံ အော်ပြောလိုက်ကာ နံရံနား ကပ်ထားသည့် စားပွဲဘက် နှုတ်ခမ်းထော်ပြလိုက်သည်။ ထို့နောက် ယခုမှ အလုပ်ဆင်းကာ အိမ်ပြန်ရောက်လာခဲ့သော၊ စားပွဲပေါ်ရှိ စာအိတ်အား ငုံ့ကြည့်နေသည့် အစ်ကိုဖြစ်သူအား Kanittha က တောက်လျှောက်လိုက်ကြည့်လာခဲ့သည်။ စာကမူ တစ်စောင်တည်းသာဖြစ်၏။ Khonla နှင့် Kanittha နှစ်ယောက်စလုံးမှာ ဆွေမျိုးညာတကာ ကင်းမဲ့ရှာသည်မို့ သူတို့ဆီပို့လာသော စာလွှာမှာ အစိုးရရုံးမှ အကြောင်းကြားစာများသာ ဖြစ်နေတတ်သည်။

သို့သော် နေ့ခင်းပိုင်းက ရောက်လာသည့် ဤစာလွှာမှာမူ ထိုစာလွှာမျိုး မဟုတ်ခဲ့ပါချေ။

"KhunChaiဆီက စာပဲ"

Khonla က မျက်ခုံးပင့်လိုက်ကာ Kanittha ထံ လှမ်းပြောလိုက်သည်။ နွမ်းလျဟန်ရသောမျက်နှာပြင်ထက်ဝယ် အပြုံးရိပ်များ ကျန်ရှိနေဆဲ။

"ဒီနေ့ခင်းပိုင်းမှတင် Chat နန်းတော်ကလူတွေ လာပို့ပေးသွားတာ။ P'Khon ဖတ်ကြည့်လေ၊ ဟိုနေ့က သူ့ကို အစ်ကို လိုက်မပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး KhunChai ဘာပြောမလဲဆိုတာ ကျွန်မလည်း သိချင်စမ်းရဲ့။ တော်တော်လေးတော့ စိတ်တိုနေမှာနော်၊ မျက်မှောင်တွေကြုံ့နေတာများ မျက်ခုံးနှစ်ခု ပူးကပ်တော့မတတ်ပဲ "

"ထွက်သွားတာ လနဲ့ချီပြီပဲ၊ စိတ်ဆိုးပြေနေလောက်ပါပြီ"

Khonla က ဝမ်းသာကျေနပ်စွာ ပြုံးလိုက်ကာ ရပ်ဝေးမှလာသော စာအိတ်အား ဖောက်ဖတ်ကြည့်လိုက်သည်။ သူ့လို တောသားဆန်ဆန် ကျောင်းဆရာတစ်ယောက်အား KhunChai အမှတ်ရဖော်ရှိသေးသည်ကို ပီတိဖြစ်မိကာ လက်ချောင်းများကပါ အနည်းငယ်တုန်ယင်နေခဲ့သည်။

.
.
.

သက္ကရာဇ် - ၂၅၈၁ ခု၊ မတ်ချ်လ ၊ ၂၇ ရက်နေ့။

သို့ /

ကျွန်တော့်ရဲ့ ဆရာKhon....

ဒီစာလွှာက Khonရဲ့လက်ထဲ ဘယ်နေ့ဘယ်ချိန် ရောက်သွားမလဲဆိုတာ ကျွန်တော် မသိရပေမယ့် လန်ဒန်ရောက်ရောက်ချင်း ပထမပတ်မှာတင် ကျွန်တော် ဒီစာကို ရေးခဲ့တယ်ဆိုတာ Khon သိထားပေးပါနော်။ Khon ကို ကျွန်တော် ပြောပြချင်တာတွေ အများကြီးရှိတယ်။ ခုလောလောဆယ်တော့ ဘယ်ကနေ ဘယ်လိုစပြောရမလဲဆိုတာ စဥ်းစားရင်း လက်ထဲက ဖောင်တိန်ကို တဒေါက်ဒေါက်နဲ့ ခေါက်နေမိတယ်။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Where stories live. Discover now