အပိုင်း - ၁၅ { ကျွန်တော် သေပျော်ပါပြီ }
မီးခိုးရင့်ရောင်မျက်ဝန်းများက ရှေ့မှောက်ရှိစာရင်းစာအုပ်များကြားမှ ဖယ်ခွာကာ လက်ထဲရှိ ဖောင်တိန်ကိုလည်း ဘေးတွင်ချလိုက်သည်။ ထို့နောက် ဆိုဖာပေါ်၌ ခွေခွေလေးအိပ်ပျော်နေသော ၊ သူ၏ အပေါ်ရုံအင်္ကျီဖြင့် ခြုံလွှမ်းပေးထားသည့် အဖြူရောင်လူသားလေးရှိရာဆီ လှမ်းမော့ကြည့်လာသည်။
Khon မှာ သူ နှိပ်စက်သမျှကို ခံယူရရင်း ယခုလိုအခြေအနေမျိုးထိ ရောက်သွားရခြင်းပင်။ အရင်နာရီပိုင်းကမှ ဝင်လာသော သွင်းကုန်စာရင်းကို ထိုင်စစ်နေရင်း အလုပ်စားပွဲပေါ်မှာပင် မှေးခနဲအိပ်ပျော်သွားလေရာ KhunChai မှာ Khonla အား ပွေ့ချီကာ ဆိုဖာပေါ်တွင် ပုံစံတကျ နေရာချထားပေးရခြင်းဖြစ်သည်။
ချိန်သီးနာရီက ညနေငါးနာရီထိုးပြီဟု ညွှန်ပြလာသဖြင့် အလုပ်ဆင်းချိန်တိုင်ပြီဖြစ်ကြောင်း အသိပေးလာသည်။ အပြင်ဘက်၌ ရွာသွန်းနေသော မိုးရေစက်များသည်လည်း ရပ်စဲသွားပြီဖြစ်ကာ ဝေဟင်ပြင်တွင်လည်း ပယင်းဝါရောင်သမ်းလျက်၊ ကမ္ဘာမြေကြီးအား အနွေးဓာတ်ဖြန့်ကျက်ပေးနေခဲ့လေသည်။
KhunChai က ထိုင်နေကျထိုင်ခုံအား နောက်သို့အနည်းငယ်ရွှေ့လိုက်ကာ ထရပ်လိုက်သည်။ ထို့နောက် ဘောင်းဘီအိတ်ထဲ လက်ထည့်ထားရင်း တိုးဖျော့ညင်သာသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာကာ မျက်နှာလှလှလေးအား ရပ်ကြည့်ဖြစ်သည်။ ဝိုင်းစက်ချိုသာသော မျက်ဝန်းအိမ်များမှာ ယခုအချိန်မှာတော့ ရှည်လျားကော့ညွှတ်သောမျက်တောင်များနောက် ဖုံးကွယ်ထားခြင်းခံနေရ၏။ သူ့လက်ဖျားဖြင့် တို့ထိကြည့်လိုက်သောအခါ ထိုမျက်တောင်စများမှာ အနည်းငယ်လှုပ်ခတ်သွားပေသည်။
ထို့နောက် KhunChai က Khonla ၏ မျက်နှာကို ယခုထက်ပိုပြီး အသေးစိတ်ကြည့်ချင်လာသည်မို့ အိပ်နေသောသူနား မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။ တစ်ဖက်လူ အိပ်ပျော်နေစဥ်မှာတော့ သူ့အပေါ်ထားရှိသော မကျေနပ်မှုများ၊ အမျက်ဒေါသ၏အရိပ်များ ကင်းစင်နေကာ ထိတွေ့ကြည့်သောအခါတွင်လည်း ရုန်းကန်ငြင်းဆန်မှုမရှိဘဲ ပို၍လွယ်ကူချောမွေ့နေခဲ့သည်။ Khon သတိရှိကာ နိုးကြားနေသောအချိန်နှင့် ကွာခြားလှပေ၏။ ထို့ကြောင့် KhunChai လည်း နူးညံ့သော ထိုမျက်တောင်စများကို လက်ဖျားလေးဖြင့် တို့ထိကြည့်လိုက်သည်။ ထို့နောက်မှာတော့ အရောင်ဖျော့သော မျက်ခုံးတန်းများဆီ ရွေ့လျားသွားလိုက်၏။ သို့နှင့် အတန်ကြာသည်အထိ ထိုမျက်နှာပြင်နှင့် ထိတွေ့ဆော့ကစားနေခဲ့ရာ ထိုစိတ်အနှောင့်အယှက်ဖြစ်စရာအထိအတွေ့များကို မခံနိုင်တော့သည့်နှယ် Khon၏ မျက်ခွံလေးများ နောက်ဆုံးတော့ ပွင့်ဟလာခဲ့သည်။
DU LIEST GERADE
မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }
Romantikကျွန်တော့်ရဲ့ လမင်းနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက ဒီအချစ်တွေကို လက်မခံမှတော့ ဒီနှလုံးသားဟာ "မြူနှင်းလွှာကြားက စန်းလသော်တာပမာ"သာ ဖြစ်ခဲ့လေတော့တယ်။ Original Title - ดั่งกัษษากรในม่านหมอก Author - นทกร