[အပိုင်း-၇]

1.3K 142 10
                                    

အချိန်စက်ဝန်းက စဥ်ဆက်မပြတ်လည်နေပါသည်။
လူတွေသတိမထားမိသည့် တခဏအတွင်းမှာပင် အချိန်တွေက တရွေ့ရွေ့ကုန်သွားသည်။
မိဘအိမ်နဲ့ခွဲလာရပြီး အဆောင်နေလာကြသည့် ကျွန်မတို့သည်လည်း အသံပိုကျယ်လာပါသည်။
ရောက်ခါစကလို အရာရာကို ကြောက်ရွံံ့နေတတ်သည့် ကလေးမလေးတွေမဟုတ်ကြတော့။
ကျောင်းသွားရင်း၊ ကန်တင်းထိုင်ရင်း၊ သူငယ်ချင်းတွေနဲ့ပျော်ရင်းနှင့် အချိန်တွေက ကုန်မှန်းမသိကုန်ဆုံးနေပြီး December လရဲ့ နောက်ဆုံးနေ့ပင်ရောက်လာပြီ ဖြစ်သည်။

အဆောင်တွင် New Year Party အသေးလေးလုပ်လေ့ရှိသဖြင့် ယနေ့ည New Year ပါတီလေးအတွက် ပြင်ဆင်ကြရင်း ကျွန်မတို့ အဆောင်သူတွေ အလုပ်များနေကြသည်။

ဆရာမကြီးငပိုးကတော့ မပါမဖြစ်ပါ။
အဆောင်ကျယ်ငပိုးကို အဆောင်မှူးက အစ ခင်မင်ပြီး ယခုအပြင်အဆင်တွေကိုလည်း သူ့ကို တာဝန်ပေးပါသည်။
ဘုရားခန်းက မီးကြိုးပျောက်တယ်ဆိုပြီး အဆောင်မှူးက ပြော​ေနသဖြင့် ငပိုးတစ်ကောင် ကုတ်ချောင်းချောင်းနဲ့ ​ကြိုးကို ပြန်သွားထားရပါသေးသည်။

"ဟိတ် ဟိတ် အဲ့တာကို ဒီဘက်မှာကပ်မယ်လေကွာ၊
ဒါကို ဒီလိုကပ် ၊ ဒီအသည်းပုံကိုက ဟိုမှာကပ် ၊ ဟုတ်ပြီလား။
Decoration တွေ ဘယ်လိုလုပ်ရင် ပိုကောင်းမယ်မှန်း ယူတို့တွေ မျက်စိအမြင်ကို မရှိပါဘူးကွာ"

အသံစာစာနဲ့ပြောလိုက် ပြင်ဆင်လိုက်လုပ်နေသည့် ပိုးပိုးကို ကြည့်ပြီး ကျွန်မတို့ ထို်င်ရယ်နေရသည်။

ကျွန်မတို့ ပြင်ဆင်နေ​ြကချိန် တီချယ်စန္ဒာသွင်က လာကြည့်ပါသည်။
တစ်ခဏ အကြာ တိတ်တဆိတ်ထွက်သွားသည်။
ကျွန်မကတော့ တီချယ်လာကြည့်သည်ကို သတိမထားမိလိုက်။
ငပိုးက နင့် Philosopher ကြီး နင့်ကို စိတ်မချလို့လာကြည့်နေတာထင်တယ် ပြောမှ ကျွန်မလှမ်းကြည့်မိလိုက်ပါသည်။

တီချယ့်နောက်ကျောသာ မြင်လိုက်ရပါသည်။
ဆံနွယ်လိမ်လိမ်လေးတွေရှိသည့် ဆံပင်ရှည်များကို ကျောပြင်ပြန့်ပြန့်တွင် ဖြန့်ချထားသည်။
တီချယ်၏ လမ်းလျှောက်ပုံမှာ တောင့်တင်းစိုပြည်သော ခန္ဒာကိုယ်နှင့်လိုက်အောင်ပင် ပေါ့ပါးဖျတ်လတ်နေလေသည်။
တီချယ့်ကိုယ်ပေါ်က ရှိုက်ခဲ့ဖူးသည့် ရေမွှေးနံ့သင်းသင်း ပျံ့၍ ကျန်ရစ်ခဲ့သည်ကို သတိထားမိတော့ လေကို တစ်ချက်ရှိုက်မိပါသည်။

သက်တံကို ဖမ်းခြင်း Where stories live. Discover now