[အပိုင်း-၁၂]

1.2K 120 37
                                    

ကောင်းမှုတော်ဘုရားကို ဝင်ဖူးအပြီးတွင် ကျွန်မတို့ ပရဟိတကားတန်းကလေးသည် ဆွမ်းဦးပုညရှင်သို့ ဦးတည်ကြ​​​လေသည်။ ဖိနပ်များကို ချွတ်ထားခဲ့ကြပြီး ကားအနောက်က ဖိနပ်ခြင်းထဲထည့်ကြသည်။ပိုးပိုးက ဖိနပ်ထည့်ဖို့ ပလပ်စတစ်အိတ်ယူလာသည်ဟုဆိုသဖြင့် တီချယ်နှင့်ကျွန်မဖိနပ်ကိုပါ ငပိုးကို ပေးလိုက်ကာသူ့အိတ်ထဲထည့်ပြီး ထားခဲ့ကြသည်။
နေအလွန်ပူပြင်းသဖြင့် ကျွန်မတို့ခုန်ဆွ ခုန်ဆွသွားနေရသည်။ရင်ပြင်တော်အရောက် ပတ်ဝန်းကျင်ရှုခင်းကိုမြင်လိုက်ရသည့် အခါတွင် ရင်ထဲအေးချမ်းသွားရပါသည်။ တီချယ်ကကျွန်မကိုလက်တွဲထားပြီး သူသွားချင်သည့် နေရာသာ ဦးတည်လျှောက်နေသည်။ ရင်ပြင်တော်မှ မြင်ရသည့် ဧရာဝတီမြစ်ကြီးနှင့် စစ်ကိုင်းတောင်ရိုး ရှုခင်းသည် ဘယ်သောအခါမှ မရိုးနိုင်သည့် စစ်ကိုင်းမြို့၏ အလှပဆုံးမြင်ကွင်း ဖြစ်လေသည်။တီချယ်ကရပ်ကာ ဧရာဝတီမြစ်အလှကို ခံစားနေသဖြင့် ကျွန်မပါတီချယ့်ဘေး ရပ်လိုက်ပြီး သဘာဝအလှကို ခံစားနေမိလေသည်။

by the river of babylon×××there we sat down×××ye eeah we wept×××When we remember zion×××

တိုးညင်းသည့်လေသံလေးဖြင့် တီချယ်ကဆိုနေလေသည်။ကျွန်မမော့ကြည့်မိတော့ တီချယ့်မျက်ဝန်းများက အဝေးတစ်နေရာကိုငေးနေဟန်ရှိသည်။နဖူးဆံစပ်မှာ ဆံနွယ်တစ်ချို့ဝဲကျနေပြီး လေနှင့်အတူ လွင့်နေသည်။

"ဘာဘီလွန်မြစ်ကမ်းနဘေးမှာမှ မဟုတ်ဘဲ တီချယ်။ဧရာဝတီမြစ်ကမ်းဘေးမှာလေ။ပြီးတော့ကြယ်ကြယ်တို့ ရပ်နေကြတာ။ထိုင်မှထိုင်မနေကြဘဲ.."

"ဟုတ်သားပဲ Kid ရေ။ဒီအတိုင်းဆိုမိတာ"
တီချယ်က သူမပြောချင်သည့်အကြောင်းအရာ ဆိုရင် ဒီအတိုင်း ဆိုသည့်စကားကို သွင်သွင်သုံးပြီး ဆက်မမေးအောင် စကားဖြတ်ချပစ်သည်။

"ချလပ်.."
ကျွန်မတို့ အနောက်ကျောဘက်မှာ အသံကြားရသည်။ဒါ ဟိုဓာတ်ပုံဆရာ အစ်ကိုပဲ ဖြစ်ရမည်ဟု ကျွန်မတွေးမိရင်း ငြိုငြင်စွာအနောက်လှည့်ကြည့်မိသည်။

"ရှုခင်းနဲ့ နောက်ကျောပေးအလှကို သဘောကျမိလို့ရိုက်မိတာပါ။ ကြည်ဖြူတယ်မလား ခင်ဗျာ"

သက်တံကို ဖမ်းခြင်း Where stories live. Discover now