[အပိုင်း-၁၆]

2.6K 169 60
                                    

မှောင်ရီပျိုးလာသည့် မန္တလေးတက္ကသိုလ်ဝင်း၏ ညချမ်းအချိန်က တိတ်သည်ထက် တိတ်ဆိတ်လာသည်။ ဘေးဝဲယာတွင် တမာပင်များစီတန်းလျက်ရှိသည့် တမာလမ်းကလေးပေါ်  ကားအသွားအလာ ၊ ဆိုင်ကယ်အသွားအလာတို့ ရှင်းလင်းနေပြီး လူခြေတိတ်ကာ ည၏ တိတ်ဆိတ်ခြင်းအသွင်ကို ငြိမ်သက်စွာ သက်သေပြနေ၏။ ကောင်းကင်ယံမှ ငွေလရောင်က တမာရွက်တို့ကို အလင်းဖောက်စွမ်းမရှိသဖြင့် တမာလမ်းပေါ် ဟိုတစ်ပြောက်ဒီတစ်ပေါက် အလင်းရောင်ဖြာကျနေသည်။ တမာရွက်များ၏ အရိပ်တို့ကား ကတ္တရာလမ်းဝယ် ငြိမ်ငြိမ်​လေးမှေးစက်နေလေသည်။
ကျွန်မတို့အခန်း 210 မှာ အမြဲတမ်း ကောင်မလေးတွေ စုရုံးစုရုံး ဖြစ်နေတတ်သည်။ ဒီနေ့လည်း ပိုးပိုးရဲ့ ဘော်ဒါအုပ်စုက rollcallပြီးချိန် သူ့တို့အခန်းကိုမပြန်ဘဲ ကျွန်မတို့အခန်းမှာ စာလုပ််မယ် ဟုဆိုကာ ရောက်နေကြလေသည်။ အခါတိုင်းလို မုန့်တွေတပွေ့တပိုက်နှင့် မဟုတ်တော့ဘဲ စာအုပ်တွေ တပွေ့တပိုက်နှင့် ရောက်လို့လာသည်။ သို့သော် စာလုပ်သည်ကနည်းနည်း စကားပြောသည်က များများဖြစ်နေကြတာ ကျွန်မတို့ အခန်းထဲ အသံတွေ ကျွက်ကျွက် ညံကာ တစ်ယောက်တစ်ပေါက်ဆူနေသည်။
ကျွန်မ စကားပြောချင်စိတ်မရှိသဖြင့် စကားဝိုင်းထဲမထိုင်ဘဲ ခုတင်ပေါ်လှဲအိပ်ရင်း မျက်နှာကျက်က လည်နေသည့် ပန်ကာကို ငေးရင်း အတွေးတွေပျောက်ဆုံးနေမိသည်။philo ကသူငယ်ချင်းက ခုတင်ပေါ်တက်လာပြီး ကျွန်မဘေး လှဲလာသည်။

"ဘာလဲ မေမွန်၊ ငပိုးတို့ အုပ်စုကြားနားငြီးလာလို့လား"

"ဒီလိုပါပဲ၊ ပျင်းလို့အခန်းလည်ခါမှ ပျင်းလာလို့ လှဲအိပ်လာတာ ဟဲ"

ကျွန်မ စကားပြောချင်စိတ် ပျောက်ဆုံးနေသဖြင့် ကျွန်မတို့နှစ်ယောက်ကြား တိတ်ဆိတ်နေသည်။ မေမွန်က ကျွန်မကို စကားစလာသည်။

"အခါတိုင်းလို့ တီချယ်စန္ဒာသွင် အကြောင်းမမေးတေ့ဘူးလား ကြယ်ကြယ်"

"နင်တောင် ငါ့အကြောင်းသိနေပြီ ဟား၊ တီချယ့်အကြောင်း ဘာမေးရမလဲလည်း မသိတော့ဘူး"

ကြယ်ကြယ် ၊ နင်လေ တီချယ်စန္ဒာသွင် အကြောင်း အရမ်းစိတ်ဝင်စားတာပဲနော်။ ဘာကြောင့်လဲဆိုတာ ငါသိလို့ရမလား"

သက်တံကို ဖမ်းခြင်း Where stories live. Discover now