သက်ငြိမ်သည် လက်မှာပတ်ထားသော နာရီလေးကို တစ်ချက်ကြည့်လိုက်သည်။ Physics ဆရာမဝင်ဖို့ အချိန်ဘယ်လောက်မှ မကျန်တော့တာ။ သက်ငြိမ်လည်း တစ်ပါတည်း ယူဆောင်လာသော မှတ်စုစာအုပ်နှင့်အတူ ပိုက်ဆံငါးဆယ်ကို လွမ်းနေဝေး၏ စာရေးခုံပေါ် ချပေးလိုက်သည်။ အဲ့ဒီအခါကျ လွမ်းနေဝေးသည် စာအုပ်နှင့် ပိုက်ဆံကို ကြည့်လိုက်ပြီးမှ သူ့အကျင့်အတိုင်း သက်ငြိမ်ကို မျက်လုံးစိမ်းနဲ့ ကြည့်လာသည်။
"ဒါက ဘာလုပ်ဖို့လဲ မိုးသက်ငြိမ်"
ကြည့်ဦး။ စာအုပ်နှင့်ပိုက်ဆံကို မြင်နေပြီပဲ။ ဘာလုပ်ဖို့ဆိုတာ သက်ငြိမ်က ပြောပြနေရဦးမှာလား။ ငွေယူပြီး အိမ်စာလုပ်ပေးတဲ့ကောင်လေးပဲ မဟုတ်လား။ ဒီလောက်တော့ သိရမှာပေါ့။ ဒါမှမဟုတ် သက်ငြိမ်ကို တမင်မေးတာလား။
"ငါ့ကို အိမ်စာမြန်မြန်တွက်ပေးပါ၊ အဲ့ဒီမှာ ငွေငါးဆယ်၊ ပိုငွေပြန်မအမ်းနဲ့တော့၊ ဆရာမ ဝင်မလာခင် မြန်မြန်တွက်ပေး"
"ဟင့်အင်း၊ မတွက်ပေးဘူး"
သက်ငြိမ်က နာရီကို ငုံ့ကြည့်ကာ လောကြီးနေရပြီ။ လွမ်းနေဝေးရဲ့ခပ်တည်တည် ခပ်တင်းတင်း စကားကြောင့်လည်း သက်ငြိမ် စိတ်တိုသွားသည်။ သူများတွေနဲ့ကျ ပိုက်ဆံယူပြီး အိမ်စာတွက်ပေးနေပြီးတော့ သက်ငြိမ်ကိုကျ မတွက်ပေးဘူးတဲ့။ ဒါက သက်ငြိမ်ကို တမင်သက်သက် အကျပ်ရိုက်တာ မဟုတ်လား။ ပိုက်ဆံကို ဒီထက်မက တိုးလိုချင်လို့ ဈေးကိုင်တာများလား။
"လွမ်းနေဝေး၊ မင်းက ပိုက်ဆံရရင် အကုန်လုပ်ပေးတာပဲ မဟုတ်လား၊ ငွေငါးဆယ်က နည်းလို့လား၊ အဲ့ဒါဆို တစ်ရာပေးမယ်"
"ဟင့်အင်း၊ စာအုပ်ရော ခင်ဗျားပိုက်ဆံရော ပြန်ယူသွားတော့ မိုးသက်ငြိမ်"
"ဟ! ဘာဖြစ်လို့လဲ၊ တစ်ရာက နည်းလို့လား၊ အဲ့ဒါဆို နှစ်ရာပေးမယ်ကွာ"
"ကဲ ..ဘယ်နှစ်ရာပေးပေး ခင်ဗျားစာအုပ်မို့ မတွက်ပေးတာ၊ ဟိုမှာ ဆရာမ လာနေပြီ၊ စာအုပ်ပြန်ယူသွားတော့၊ ရော့.. ခင်ဗျားပိုက်ဆံပါ ပြန်ယူသွား"
လွမ်းနေဝေးသည် စာရေးခုံပေါ်က မှတ်စုစာအုပ်ရော ငွေငါးဆယ်ကိုပါ သက်ငြိမ်လက်ထဲကို အတင်းပြန်ထည့်ပေးလာသည်။ ပိုက်ဆံပေးတာချင်းအတူတူ သက်ငြိမ်ကိုကျ ခွဲခြားခွဲခြားလုပ်တဲ့ ကောင်လေးကို သက်ငြိမ် စိတ်တိုသည်။ စိတ်ထဲ အောင့်သက်သက်နဲ့ ကိုယ့်စာရေးခုံဆီ ပြန်လာဖြစ်သည်။ ရူပဗေဒ ဆရာမက အတန်းထဲကို ဝင်လာပြီဆိုတော့ သက်ငြိမ်က ဘာမှလုပ်လို့ကို မရတော့တာ။
BẠN ĐANG ĐỌC
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Lãng mạnနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။