လွမ်းနေဝေးသည် အဒေါ်နုနုငယ်တို့အိမ်မှာ ရေတွင်းနှင့် နောက်ဖေးမီးဖိုဆောင်ကို လူးလာခေါက်ပြန် ရေထမ်းပေးပြီးသကာလ လူလည်း အတော်မောဟိုက်သွားလို့ နဖူးမှာ ချွေးစေးတွေ စို့တက်သွားရသည်။ ရေဖြည့်ပြီးပြီဆိုတော့ လုပ်အားခပိုက်ဆံကို လက်ထဲကျစ်ကျစ် ဆုပ်ကိုင်ကာ ပါလာသည့် ဂိုင်းပုံးနှစ်ပုံးကို ထမ်းပိုးခံပြီး ပခုံးမှာ ပြန်ထမ်းလိုက်သည်။
"အဒေါ်ရေ အဲ့ဒါဆို ကျွန်တော်သွားပြီနော်၊ နောက်လည်း လိုအပ်ရင် ခေါ်ပါဦး"
"အေး နေဝေးရေ၊ ဒီစနေကို အချိန်ရရင် လာပေးပါဦးလား၊ ခြံထဲမှာ ကွမ်းသီးတွေ တက်ခူးခိုင်းမလို့"
"အချိန်ရတာပေါ့ဗျ၊ ကျွန်တော် လာပေးပါမယ်၊ တခြားလူကိုမခေါ်ဘဲ ကျွန်တော့်ကို ခေါ်ပေးတာပဲ အဒေါ့်ကို ကျေးဇူးတင်နေတာ"
"အဒေါ်က နေဝေးကို လုပ်အားခ ပိုရအောင်လို့လေ၊ တခြားလူတောင် ခေါ်မခိုင်းဘူးနော်၊ နေဝေး ကျောင်း ပိတ်ရက်ကို စောင့်ပေးနေတာ"
"ဟုတ်ကဲ့ပါဗျာ၊ အဲ့ဒါကြောင့် ကျွန်တော်က အဒေါ့်ကိုရော အဘွားကိုပါ ကျေးဇူးတင်တာ၊ ခိုင်းစရာရှိရင် ကျွန်တော့်ကိုသာ ခေါ်ပေးပါဗျာ"
"အေး အဒေါ့်ကို ကျေးဇူးတင်ရင် အဒေါ့်တူလေးကိုလည်း ကျောင်းမှာ ကြည့်ရှုပေးဦးနော်၊ သူက မြို့ခံမဟုတ်တော့ ဘာပဲပြောပြော ဒီကျောင်းနဲ့က စိမ်းနေမှာပဲ၊ ကျောင်းမှာရော အဒေါ့်တူလေး အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့၊ ကိုမိုးသက်ငြိမ်က နည်းနည်းလေး ဆောင့် ကြွားကြွား ဖြစ်နေတာကလွဲရင် အဆင်ပြေပါတယ်၊ ကျောင်းစာကတော့ ချာတူးလန်တယ်ပဲ ပြောပါရစေ၊ ဒီနှစ် ဆယ်တန်းအောင်စေချင်ရင် သူ့ကို တော်တော်လေး ဖိမှရမယ်"
"အေး၊ အဲ့ဒါတော့ဟုတ်တယ်၊ အိမ်မှာ အားလုံးက အလိုလိုက်ထားတာဆိုတော့ သက်ငြိမ်က ဆိုးချင်နေတာ၊ အမြင်မတော်တာရှိရင် အဒေါ့်ကို လာပြောပေးဦးနော်"
"ဟုတ်ကဲ့ အဒေါ်၊ လောလောဆယ် ဆရာမ လုပ်ခိုင်းတဲ့ အိမ်စာတွေ မလုပ်တာပဲ မြင်သေးတယ်၊ အိမ်စာမလုပ်လာလို့ ဒီနေ့ ဆရာမရိုက်တာ ခံရသေးတယ်"
BẠN ĐANG ĐỌC
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Lãng mạnနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။