နေဝေး ဒီရက်ပိုင်း ဗီဒီယိုရုံမှာ ဈေးရောင်းရတာ အလုပ်နည်းနည်းများနေသည်။ အဲ့ဒါက တခြားကြောင့်မဟုတ်။ အကြော်တွေကို သူများဆီက တစ်ဆင့်ပြန်ယူပြီး မရောင်းတော့ဘဲ ကိုယ့်ဘာသာ ကြော်ရောင်းနေလို့။ နေဝေးသည် အမေနဲ့ တိုင်ပင်ပြီး ဘယာကြော် သေးသေးလေးတွေကို ကြော်ရောင်းဖို့ စိတ်ကူးရသည်။ အရင်းအနှီးအနေဖြင့် မီးသွေးမီးဖိုနဲ့ မီးသွေးတစ်အိတ်ကိုတော့ ဝယ်ယူလိုက်ရသည်။ မုန့်နှစ်စပ်တာကို အရသာအဆင်ပြေအောင် အမေက စပ်ပေးလိုက်သည်။
နေဝေးက ဗီဒီယိုရုံရောက်ရင် မီးမွှေးပြီး မုန့်နှစ်ကို လက်သန်းလုံးလောက်လေးတွေ ဖဲ့ယူပြီးတော့ ဆီပူအိုးထဲ ထည့်ကြော်ရုံပဲ။ ဒီအလုပ်က အကြော်စုံတွေကို သူများဆီက တစ်ဆင့်ပြန်ယူရောင်းတာထက် ကိုယ့်အတွက် အမြတ်ပိုကျန်သည်။ ဒါပေမဲ့ ဆုံးရှုံးတာကတော့ စာဖတ်ချိန်ပဲ။ ဆီပူဒယ်အိုးကိုပဲ မျက်ခြည်မပြတ် ကြည့်နေရလို့ နေဝေးက အရင်လို စာဖတ်ဖို့ကို အချိန်မရတော့တာ။
"သားနေဝေး အကြော်တွေ ပြောင်းရောင်းနေပါလား"
"ဟုတ်တယ် ဒေါ်ပု၊ ဘယာကြော်လေးတွေ ဝယ်ပေးဦးနော်၊ ဗီဒီယိုကြည့်ရင်းနဲ့စားရင် ကွက်တိပဲ၊ ငရုတ် သီးတောင့်လေးတော့ နည်းနည်းသတိထားပေးပါဗျ၊ ဘယာကြော်နဲ့ မှားပြီး တစ်တောင့်လုံး ကောက်ဝါးမိမှာစိုးလို့"
"ဟုတ်ပါပြီ ကလေးရေ၊ နှစ်ဆယ်ဖိုးလောက် ထည့်ပေး၊ ငရုတ်သီးတောင့်ကို များများထည့်နော်"
"ဟုတ်ကဲ့ပါဗျ၊ ငရုတ်သီးကြော်ကို ငါးတောင့်ထည့်ပေးလိုက်ပါမယ်"
"အေးကွယ်၊ သားလည်း ရောင်းကောင်းပါစေ၊ ဒါနဲ့ အေးမြရော နေကောင်းရဲ့လား"
"အမေကတော့ ဒီလိုပဲ ခြူခြူခြာခြာပဲဗျ၊ နေကောင်းလိုက်၊ အိပ်ရာထဲ ပြန်လဲလိုက်နဲ့"
"အေးအေး၊ ဂရုစိုက်ပေါ့၊ သားတို့မှာ အမေပဲ ရှိတော့တာဆိုတော့၊ အေးမြလည်း အရွယ်လေး ရှိသေးတာပဲ၊ နောက်အိမ်ထောင် ပြုခိုင်းပါလား၊ ကုန်စုံဆိုင် ပိုင် ရှင်က အေးမြကို မျက်စိကျနေတာဆို"
"ဟင့်အင်း၊ ကျွန်တော် ပထွေးမလိုချင်ဘူးဗျ၊ အဲ့ဒီအစား အလုပ်တွေပဲ ပိုလုပ်ပစ်လိုက်မယ်"
ŞİMDİ OKUDUĞUN
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Romantizmနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။