မိုးသက်ငြိမ်ပြန်သွားပြီး သိပ်မကြာခင်မှာ နေဝေးက အဒေါ်နုနုငယ်တို့အိမ်ကို သွားဖို့ ပြင်ရသည်။ အိမ်အပြင်ထွက်တိုင်း ပုဆိုးကိုပဲ ဝတ်လေ့ရှိသူမို့ အိမ်နေရင်း ဝတ်ထားတဲ့ အားကစားဘောင်းဘီတိုကို ချွတ်ကာ ပုဆိုးကို လဲဝတ်ပြီးမှ အိမ်က ထွက်လာလိုက်သည်။ အဒေါ်နုနုငယ်တို့ ခြံကိုဝင်တာနဲ့ စာဖတ်သံတွေကို ထူးထူးဆန်းဆန်း ကြားရသည်။
ယောင်္ကျားသံကိုမှ ကလေးသံ မဟုတ်တဲ့အပြင် ဖတ်နေတာက ဆယ်တန်းစာမို့ မိုးသက်ငြိမ်မှန်း နေဝေးသိလိုက်သည်။ နေဝေး အံ့သြလွန်းလို့ အသံလာရာဘက်ကို လိုက်ရှာကြည့်သည်။ မိုးသက်ငြိမ်က ကြိုးပုခက်မှာ တက်အိပ်ပြီးတော့ စာအော်ကျက်နေသည်။ သူလည်း နေဝေးကိုမြင်လိုက်လို့ စာဖတ်သံရပ်သွားသည်။ ဒါပေမဲ့ နေဝေးဆီရောက်လာပြီး ရန်စကားတော့ မပြောပါ။ စာကို လူကြားအောင်သာ အော်မကျက်တော့ဘဲ စာအုပ်ကို မျက်နှာမူပြီး အသံတိတ်သွားတာ။
"အဒေါ်ရေ ကျွန်တော် ရောက်နေပြီနော်"
"ဪ..နေဝေး ရောက်လာပြီလား၊ အဒေါ် အလုပ်မအားသေးလို့ ကိုယ့်ဘာသာ ခြံထဲလှည့်ပတ်ကြည့်ပြီးတော့ ရသမျှ ကွမ်းသီးခိုင်တွေ အကုန်တက်ခူးတော့ သားရေ၊ အဒေါ် ခဏနေရင် ခြံထဲဆင်းလာမယ်၊ ဒီမှာ ငါးရံ့ခြောက်လေး မီးဖုတ်နေတာ မပြီးသေးလို့"
"ဟုတ်၊ အဲ့ဒါဆို ကျွန်တော် ခြံထဲကို လှည့်ပတ်ကြည့်လိုက်ဦးမယ်"
"အေး ကလေး၊ သွား သွား"
နေဝေးသည် အဒေါ်နုနုငယ်နှင့် စကားရပ်ပြောပြီးနောက် ခြံထဲလှည့်ပတ်ကြည့်ရအောင် ထွက်လာလိုက်သည်။ အဒေါ်တို့ခြံက သီးပင်စားပင် စုံလင်သည်။ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ ပိန္နဲအပြင် ကွမ်းပင်နှင့် အုန်းပင်လည်း ရှိသည်။ နေဝေးက အပင်တက်တာကျွမ်းလို့ အပင်ပေါင်းစုံက အသီးပေါင်းစုံကိုလည်း တက်ခူးပေးရသည်။ ဈေးရောင်းတာအပြင် တစ်ဖက်တစ်လမ်းကလည်း ငွေရှာနေမှ မိသားစုလေးယောက်အတွက် တစ်လစာ အသုံးစရိတ်က လုံလောက်တာ မဟုတ်လား။
အဲ့ဒါကြောင့် နေဝေးက ဟိုအလုပ် ဒီအလုပ်ရယ်လို့ အလုပ်ကို ရွေးချယ်ခွင့်မရှိပါဘဲ အလုပ်ပေါင်းစုံကို လုပ်နေရတာ။ နေဝေးသည် ခြံထဲမှာ ပထမဆုံးစတွေ့တဲ့ ကွမ်းပင်ကို တက်ဖို့ ပြင်လိုက်သည်။ ကွမ်းသီးခိုင် ခုတ်ဖို့အတွက် ဓားမကို ခါးကြားထဲ မြဲမြံ့နေအောင် တစ်ခါတည်း ထိုးထည့်လိုက်သည်။ အပင်တက်မှာမို့ ပုဆိုးကို ခါးတောင်းကျိုက်သည်။
KAMU SEDANG MEMBACA
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Romansaနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။