ဒီနေ့က နေဝေး ကျောင်းပျက်တာ သုံးရက်မြောက်နေ့။ အိမ်မှာ အမေနေမကောင်းဖြစ်နေတာမို့ နေဝေးသည် ကျောင်းကိုမသွားဖြစ်သလို ဘူတာရုံနှင့် ဗီဒီယိုရုံမှာလည်း ဈေးရောင်းမထွက်ဖြစ်တာမို့ လက်ထဲရှိသော ပိုက်ဆံက အိတ်ကပ်ပါးရုံမက ကုန်ပြောင်လုနီးနီးဖြစ်နေပြီ။ မနက်ဖြန်မှာ အမေ့ကို ဆေးခန်းထပ်ပြပေးဖို့လည်း ရှိသည်။ လက်ကျန်ပိုက်ဆံကလည်း အမေ့ကို ဆေးခန်းပြပေးဖို့ မလုံလောက်တော့တာ။ အမေသိရင် စိတ်ဆင်းရဲမှာစိုးလို့ နေဝေးက အဲ့ဒီကိစ္စကို အမေ့ကို လုံးဝမပြောပြတာ။ လက်ထဲမှာ ပိုက်ဆံမလုံ လောက်ပေမယ့် အမေ့ကိုလည်း ဆေးခန်းပြပေးချင်သည်။
"အမေရေ အိမ်မှာ ဆန်ကုန်နေလို့ ကျွန်တော် ဆန်သွားဝယ်လိုက်ဦးမယ်နော်၊ ခဏနေရင် ချမ်းမြေ့တို့ ကျောင်းကနေ ပြန်လာတော့မှာ"
"အေး .. သား.. သွားသွား၊ အမေ့ကို စိတ်မပူနဲ့"
"ဟုတ်"
နေဝေးသည် အမေ့ကို တစ်ယောက်တည်း ထားခဲ့ကာ အိမ်က ထွက်လာလိုက်သည်။ ဆန်သွားဝယ်ဦးမယ်လို့ အကြောင်းပြလိုက်ပေမယ့် တကယ့်တကယ်ကျ ဆန်ဆိုင်ကိုမဟုတ်ဘဲ ဆန်စက်ကို ထွက်လာဖြစ်သည်။ ဆန်စက်မန်နေဂျာနှင့်တွေ့ပြီး အလုပ်တောင်းရသည်။ အလုပ်လုပ်ချင်သူအတွက် အလုပ်မရှားပါ။ ဆန်အိတ်တွေကို ကုန်တင်ကားပေါ်ကို ထမ်းတင်ပေးရသော အလုပ်ကို ချက်ချင်းရရှိသည်။ ဒီအလုပ်က ဆန်အိတ်ကို အခေါက်ရေများများ ထမ်းပေးနိုင်လေ၊ ကိုယ့်အတွက် အလုပ်သမားခ ပိုရလေ။
ဆန်အိတ်ထမ်းရတဲ့အလုပ်က ကာယကို အားပြုရတဲ့အတွက် အင်မတန် ပင်ပန်းတဲ့အလုပ်။ နေဝေးသည် မောသည်ပန်းသည် ဘာဘာညာညာ မစဥ်းစားနိုင်ဘဲ ပိုက်ဆံရဖို့ကိုသာ ရှေးရှုကာ ဝတ်လာတဲ့ ရှပ်အင်္ကျီကို ချွတ်သည်။ ပုဆိုးတိုတိုပြင်ဝတ်ကာ စွပ်ကျယ်အင်္ကျီနဲ့ပဲ ဆန်အိတ်ကို ပခုံးပေါ် ထမ်းတင်လိုက်သည်။ ဆန်အိတ်က၂၄ ပြည်ဝင်မို့ ပခုံးပေါ် ထမ်းတင်လိုက်တာနဲ့ လူက ဟန်ချက်ပျက်ပြီး ခြေထောက်ယိုင်ကာ ပခုံးပါ အောင့်တက်သွားရသည်။
"ကောင်လေး! ဆန်အိတ်တွေက အလေးကြီးနော့၊ မင်း တကယ်ထမ်းနိုင်လို့လား"
YOU ARE READING
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Romanceနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။