အချိန်က ည ၁၂ နာရီဝန်းကျင်။ မိုးသက်ငြိမ်သည် စာကြည့်စားပွဲမှာ မလှုပ်မယှက်ထိုင်နေကာ မှုန်မှိုင်းနေသော မျက်ဝန်းအကြည့်တို့သည် ဇီဝဗေဒ ဖတ်စာအုပ်တွင် ရှိမနေဘဲ လက်ထဲဖြန့်ကိုင်ထားသည့် ငွေတစ်ရာတန်ပေါ်ကို ရောက်နေသည်။ သက်ငြိမ်သည် သက်ပြင်းချကာ လွယ်အိတ်ထဲ ထိုးထည့်ထားသောဆေးထုပ်ကိုပါ ယူထုတ်လိုက်သည်။ ဆေးထုပ်နှင့်အတူ ငွေတစ်ရာတန်ကို စက္ကူဘူးထဲထည့်ကာ စက္ကူဘူးကို စာကြည့်စားပွဲအံဆွဲထဲ လူမမြင်အောင် ထိုးထည့်ထားလိုက်သည်။ သက်ငြိမ်သည် စာကြည့်စားပွဲမှာထိုင်ပြီး ကျောင်းစာလည်း ဆက်မဖတ်ချင်တော့တာနဲ့ အိပ်ရာဝင်ရန် ပြင်လိုက်သည်။
စာကြည့်မီးအိမ်ကို ခလုတ်ပိတ်ပြီးတော့ ကုတင်ပေါ် လှဲအိပ်ကာ မျက်လုံးကို မှိတ်ထားပေမယ့် အာရုံထဲမှာ လွမ်းနေဝေးရဲ့မျက်နှာလေးကိုသာ မြင်နေရသည်။ အချစ်ဆိုတာ စွဲလမ်းမှုများလား။ ချစ်တဲ့စိတ်ဆိုတာ စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာတာလား။ လွမ်းနေဝေးသည် သက်ငြိမ်ရဲ့စိတ်၊ သက်ငြိမ်ရဲ့အတွေးအာရုံမှာ နေရာယူပြီး ဝင်ရောက်စိုးမိုးလာတာဟာ လွမ်းနေဝေးအပေါ်မှာ သက်ငြိမ်က စွဲလမ်းစိတ်တွေ ဖြစ်မိနေတာကြောင့်များလား။
ယောင်္ကျားတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့ရင်ထဲကို ဘာကြောင့်များ ရောက်ရှိလာရတာလဲ။ ယောင်္ကျားတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့စိတ်ကို ဘာကြောင့်များ ဖမ်းစားနိုင်ရတာလဲ။ ဒါဟာ လူ့ဘောင်အသိုင်းအဝိုင်းက သတ်မှတ်ထားသော သီအိုရီတွေနဲ့ သွေဖယ်နေခြင်းပဲ။ လူ့ဘောင်အသိုင်းအဝိုင်းမှာတော့ ယောင်္ကျားအချင်းချင်းမှ သဘောကျပြီး မိန်းမစိတ်ပေါက်နေသော ယောင်္ကျားမျိုးကို မိန်းမလျာ၊ အခြောက်ဆိုပြီး ပြောဆိုတတ်ကြသည်။ သက်ငြိမ်က မိန်းမစိတ်မပေါက်ပေမယ့် လွမ်းနေဝေးဆိုသောယောင်္ကျားကို ရင်ထဲရောက်မိသည်။
ချက်ချင်းကြီး ရင်ထဲရောက်လာတာ မဟုတ်ပေမယ့် သက်ငြိမ်ရဲ့နှလုံးသားထဲကို တစ်စတစ်စနဲ့ တိုးတိုးပြီး ဝင်ရောက်လာခဲ့တာ။ ကိုယ့်နှလုံးသားကို လွှမ်းမိုးနေမှန်း မသိအောင်ကို နေရာဝင်ယူလာခဲ့တာ။ သက်ငြိမ်ဟာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိချိန်မှာ ကိုယ်ဟာ အမှားများစွာကို ကျူးလွန်ထားမိနေပြီ။ အဲ့ဒီအတွက်လည်း နောင်တရသည်။ လွမ်းနေဝေးဆီက အမုန်းတွေကိုသာ ရရှိခဲ့တဲ့အတွက် ရင်နာမိသည်။ အပြုံးအရယ် နည်းပါးလွန်းသော ကောင်လေးဟာ အခုချိန်မှာ သက်ငြိမ်ကို ပိုပိုပြီး သူစိမ်းဆန်သွားပြီ။ သက်ငြိမ် ဘယ်လိုပြန်လုပ်ရပါ့မလဲ။
BẠN ĐANG ĐỌC
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Lãng mạnနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။