* အခန်း ၁၃ * Z

2.2K 85 2
                                    

သက်ငြိမ်သည် အိပ်မောကျနေရာမှ နာရီနှိုးစက်မြည်သံကြားတာနဲ့ အိပ်ရာမှ ငေါက်ခနဲ ထထိုင်လျက်သား ဖြစ်နေပြီ။ အချိန်က မနက်လေးနာရီပဲ ရှိသေးတာမို့ အိမ်သားတွေ အိပ်မောကျနေချိန်ဆိုတော့ ခြေသံဖွဖွနင်းလျှောက်ကာ အပေါ်ထပ်မှ ဆင်းလာလိုက်သည်။ ရေတွင်းမှာ မျက်နှာသစ်၊ သွားတိုက်ပြီးတာနဲ့ ကိုယ့်အခန်းကို ပြန်ဝင်သည်။ အခန်းကို ပြန်ရောက်တာနဲ့ စာကြည့်စားပွဲမှာ ဝင်ထိုင်ပြီး ရူပဗေဒစာအုပ်ကို ဖွင့်သည်။ စာအုပ်အကြမ်းနှင့် ဘောပင်ကို ကောက်ကိုင်ကာ ပုစ္ဆာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ထိုင်တွက်နေလိုက်သည်။

စာကြိုးစားနေသော သက်ငြိမ်၏ အခုပုံစံကို ဖေဖေနှင့်မေမေသာ မြင်ရင် အရမ်းအံ့သြကြမှာ သေချာသည်။ သက်ငြိမ်က အရင်လို လက်ဖက်ရည်ဆိုင်နှင့် ရုပ်ရှင်ရုံမှာ အချိန်ဖြုန်းတတ်တဲ့ သက်ငြိမ်၊ စာလုပ်ရမှာ အလွန်ပျင်းတဲ့သက်ငြိမ် မဟုတ်တော့ဘူး။ အခု သက်ငြိမ်က အဲ့ဒါအားလုံးကို ပြောင်းလဲပစ်လိုက်တဲ့ သက်ငြိမ်ဖြစ်နေပြီ။ သက်ငြိမ်အတွက် ကောင်းသောအရွေ့တစ်ခုကို ဖြစ်သွားစေတာက လွမ်းနေဝေးဆိုတဲ့ ကောင်လေးကြောင့်ပဲ။ လွမ်းနေဝေးသည် သက်ငြိမ်၏တွန်းအား။ သက်ငြိမ်ကို လမ်းပြပေးခဲ့သော ကြယ်ကလေးပဲ။

"အမေ အမေ.. ဟိုမှာ သက်ငြိမ်အခန်းကို ချောင်း ကြည့်လိုက်ဦး၊ အမေ့မြေးကို တွေ့လား၊ စာတအားကြိုးစားနေတာ၊ အခုလိုပုံစံကို အစ်ကိုထင်လင်းသာ မြင်ရင် သိပ်ဝမ်းသာမှာ"

"ဟုတ်ပ၊ မြေးက တအားကို စာကြိုးစားနေတာပဲ၊ ဒီအိမ်မှာ နောက်အကျဆုံး အိပ်ရာဝင်တာလည်း မြေးသက်ငြိမ်ပဲ၊ အစောဆုံး အိပ်ရာနိုးတာလည်း မြေးသက်ငြိမ်ပဲ၊ ငါ့မြေး ဒီနှစ်တော့ ဆယ်တန်းအောင်မှာ၊ အမေ ကျိန်းသေပြောရဲတယ် ငါ့သမီးရေ"

"ဟုတ်ပ အမေရယ်၊ သမီးဖြင့် အံ့သြလွန်းလို့၊ သမီးတူလေး တော်တော်ကို ပြောင်းလဲသွားတာပဲ၊ အံ့သြလိုက်တာ၊ သက်ငြိမ်လေး ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲ၊ စဉ်းစားစရာပဲနော်"

"ဪ လူပဲလေ ငါ့သမီးရယ်၊ ပြောင်းလဲချိန်တန်လို့ပြောင်းလဲတာပေါ့၊ ငါ့မြေးက သစ်ပင်လိုပဲ၊ ကြွေပြပြီးပြီဆိုတော့ အခု ပြန်ဝေပြနေတာ"

ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]Onde histórias criam vida. Descubra agora