ဒီနေ့က တန်ဆောင်မုန်း လပြည့်နေ့မို့ မြို့ပတ်ပြီး ကထိန်လှည့်တဲ့ အဖွဲ့ရယ်၊ ကထိန်လှည့်လာတဲ့ အသံကိုကြားတာနဲ့ ခြံရှေ့ထွက်ကြည့်ကြတဲ့ ကလေးတွေရယ်၊ လမ်းတစ်လျှောက်မှာ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ဆိုင်းသံ၊ ဗုံသံ တညံညံနဲ့ မရပ်မနား ကပြသွားကြတဲ့ စုံတွဲရယ်ဖြင့် မြို့ငယ်လေးဟာ စည်ကားလျက်ရှိနေသည်။ လမ်းတိုင်းမှာ စတုဒီသာအလှူ ရှိကြတာမို့ လူကြီးလူငယ် အရွယ်သုံးပါးအစုံသည် ညနေချမ်းကိုရောက်ပြီဆိုတာနဲ့ ကျွတ်ကျွတ်အိတ်တွေကို ကိုယ်စီကိုင်ကာ မြို့ပတ်ပြီး စတုဒီသာ ကျွေးသမျှကို လိုက်ယူတတ်ကြသည်။
အိမ်တိုင်းအိမ်တိုင်းဟာ ခြံရှေ့မှာ မီးဖိုဖိုကာ မုန့်တစ်မျိုးစီလုပ်ပြီး အလှူပေးတတ်ကြတာမို့ လမ်းတိုင်း လမ်းတိုင်းမှာ စတုဒီသာအလှူတွေ ပြည့်နေကြသည်။သက်ငြိမ်တို့အိမ်က ကြက်သားဆန်ပြုတ် အလှူပေး သည်။ အိုးသူကြီးကတော့ ဒေါ်လေးပါပဲ။ အဘွားက ခြံရှေ့မှာ ဆန်ပြုတ်လာသောက်ကြတဲ့ ကလေးတွေနှင့်အတူ စားပွဲတစ်ဝိုင်းတည်းထိုင်ပြီး ဆန်ပြုတ်ထိုင်သောက်နေသည်။ သက်ငြိမ်ကတော့ ဟင်းလိုက်ချိုင့်ကို လက်က ကိုင်ပြီး ယောက်ချိုတမမနဲ့ ကလေးတွေကို ဆန်ပြုတ်လိုက်ထည့်ပေးရသည်။
"ဒေါ်လေးရေ ကျွန်တော် ဝေးတို့အိမ်ကို ဆန်ပြုတ် သွားပို့လိုက်ဦးမယ်"
"ရေကြည်နဲ့ ချမ်းမြေ့က ဒီရောက်နေတယ်နော် ငါ့တူ၊
နေဝေးတို့ သားအမိအတွက်ပဲ ထည့်သွားရမှာ""ဟုတ် ဒေါ်လေး၊ သုံးဆင့်ချိုင့်နဲ့ ထည့်သွားလိုက်မယ်"
"အေး အေး"
ဒေါ်လေးက ဆန်ပြုတ်အိုးကို အဆက်မပြတ် ပူနေရ အောင် မီးမျှင်းမျှင်းလေး ထိုင်ထိုးရင်း မီးခိုးတလူလူ ကြားကနေ လှမ်းအော်ပြောသည်။ သက်ငြိမ်သည် ကြက်သားဆန်ပြုတ်ပူပူကို သုံးဆင့်ချိုင့်နဲ့ ထည့်ကာ စက်ဘီးနဲ့ပဲ လွမ်းနေဝေးတို့ လမ်းကို ထွက်လာလိုက်သည်။ လွမ်းနေဝေးတို့ ခြံရှေ့မှာလည်း ကလေးတစ်အုပ်နဲ့ ပွဲစည်နေကြပါလား။ ဒီအိမ်က သားအမိတွေလည်း မရှိရှိတဲ့ကြားက စတုဒီသာအလှူ လုပ်ကြတယ်ပေါ့။ ခြံရှေရောက်လို့ လူကို သေချာမြင်ရချိန်မှာတော့ မီးခိုးတလူလူကြားမှာ ယပ်တခတ်ခတ်နဲ့ အလုပ်များနေသူလေးဟာ သက်ငြိမ်ချစ်ရတဲ့ လွမ်းနေဝေးတစ်ယောက်တည်း။
YOU ARE READING
ရှေးရေစက်ကြောင့် ချစ်လက်စကျန်တယ် [Completed]
Romanceနယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။