အဖွဲ့သားတွေ စံအိမ်ကိုပြန်ရောက်တော့ အသီးသီးအဆောင်ထဲဝင်သွားကြသောကြောင့် ညိုခွန်း ပါမလာမှန်း ရိုင်းသတိထားမိလိုက်သည်။တောင်ခြေလမ်းဘက်ကို လှမ်းကြည့်သော်လည်း အရိပ်အယောင်မတွေ့။ထို့ကြောင့် နောက်ဆုံးမှာလျှောက်လာနေသော တိမ်နက်ရှေ့ပိတ်ရပ်လိုက်ပြီး
"ဟိုကောင်လေးရော"
တိမ်နက်က တစ်ချက်သာ ကြည့်ပြီး ဘယ်ကောင်လဲဆိုသည့်မျက်နှာပေးဖြင့် မေးဆက်ပြသည်။
"ညိုခွန်းလေ... အခုထိ မရောက်သေးဘူး နင်မတွေ့ခဲ့ဘူးလား"
"မတွေ့ဘူး"
တစ်ခွန်းသာ ပြောပြီး စံအိမ်ရဲ့အပေါ်ထက် တက်သွားသည်။ရိုင်းက အိမ်ပေါက်ဝကနေ ခြံထိပ်ကို တစ်ချက်လှမ်းကြည့်ပြီး ညိုခွန်းဖြေးဖြေးချင်းပဲ ဆင်းလာနေသည်အထင်ဖြင့် ဆက်မစောင့်တော့ပေ။
နေရောင်လုံးဝ ပျောက်ကွယ်ချိန်ရောက်သည်။စံအိမ်ရဲ့ ကျွန်းတံခါးပိတ်ထားသော အခန်းတစ်ခုရဲ့မီးအဝါရောင်အောက်မှာ စာအုပ်ဖတ်နေတဲ့ တိမ်နက်။အခန်းဖြတ်တစ်ခုအရောက်တွင်မျက်စိကိုအနားပေးရန် အခန်းတွင်းဝှေ့ကြည့်လိုက်တော့ ခေါက်သိမ်းထားသော အိပ်ရာတွင် သူ့အကြည့်တို့ရပ်တန့်သွားသည်။ကျွန်းသားကနုတ် တိုင်ကပ်နာရီရဲ့ လက်တံတိုက (၁၀)ဂဏန်းမှာ။
တိမ်နက်လက်ထဲက စာအုပ်တွင် အပိုင်း(၂၀)ကနေ မတက်တာ နာရီဝက်လောက်ရှိနေပြီ။စာဖတ်အားမြန်တဲ့ သူ့ဖို့ မထင်ထားလောက်အောင်ကို ဒီအပိုင်းက ရှည်ကြာနေခြင်းဖြစ်မည်။ ထိုအချိန် အခန်းပြင်က တံခါးခေါက်သံကြောင့် စာရွက်ကို နောက်တစ်မျက်နှာ လှန်လိုက်ပြီး
"ဝင်ခဲ့"
အရင်လို ခြေတုန်ချတုန်ဖြင့် အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်တာမဟုတ်ဘဲ ဒုန်းခနဲ ဆောင့်ကန်လိုက်တာကြောင့် တိမ်နက် မျက်လုံးလှန်ကြည့်လိုက်သည်။ထင်နေသူ မဟုတ်ခဲ့။
"ညိုခွန်း အခုထိ ပြန်မရောက်သေးဘူး နင်သွားရှာချေ"
"ဘာကိစ္စ ငါလဲ?"
ခေါင်းဆောင်အားကိုးရသော လက်ထောက်ဖြစ်သူနဲ့ စံအိမ်ကို ဆက်ခံရမယ့် သူမတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား ပြောရမှာ မလိုဘူးလို့ သတ်မှတ်ထားပုံရသည်။ခင်မင်နေတာမျိုးမဟုတ်သလို ရန်ဆောင်တာမျိုးလည်းမဟုတ်။နှစ်ယောက်လုံးက ပွင့်ပွင့်လင်းလင်း ပေါ့ပါးစွာပင်။
ပိန်းရိုင်းက တံခါးဘောင်ကို မှီကာ လက်ပိုက်လိုက်ပြီး
YOU ARE READING
ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်
Action"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Artist-Thin Thin Hlaing