ပြာလဲ့လဲ့ကောင်းကင်ပြင်တွင် တိမ်ကင်းစင်သော အချိန်အခါသမယ၊ သစ်ရွက်များထက်မှ ဆောင်းလက်ကျန်နှင်းစက်လေးများ အရည်ပျော်ကျနေပြီး နေရောင်အောက်တွင် နှင်းရည်လေးများက စိန်ပွင့်များအသွင် တစ်လက်လက်ဖြင့်ရှိနေသည့် ရာသီတစ်ခု၊ ဆောင်းအကုန် နွေအကူးကြားကာလဖြစ်သည့် နွေဦးရာသီအချိန်၏ တစ်ရက်တွင် ဖြစ်သည်။
ဝံပုလွေမျိုးနွယ်စုအားလုံးမှ ဆက်ခံသူများသည် ပင်မမျိုးနွယ်စုရှိရာ တောအုပ်အလယ်သို့ စုဝေးရန် မျိုးနွယ်စုမှ ထွက်ခွာလာကြသည်။ အကြောင်းမှာ သုံးနှစ်တစ်ခါကျင်းပသည့် မျိုးနွယ်စုအားလုံးချစ်ကြည်ရေး အမဲလိုက်ပွဲကြောင့်ဖြစ်၏။
မျိုးနွယ်စုများသည် အရှေ့ဘက် ဂျွန်မျိုးနွယ်၊ အနောက်ဘက် ကင်မ်မျိုးနွယ်၊ တောင်ဘက် ဆုန်းမျိုးနွယ်၊ မြောက်ဘက် မင်မျိုးနွယ် စသဖြင့် မျိုးနွယ်စုအသီးသီးအပြင် ပင်မမျိုးနွယ်စုဖြစ်သည့် ယူမျိုးနွယ်ဟူ၍ ရှိသည်။ ယခုလက်ရှိ ပင်မမျိုးနွယ်စု၏ အကြီးအကဲ၊ မျိုးနွယ်စုအားလုံး၏ စောင့်ရှောက်သူသည် ယူဆောင်းဟုအမည်တွင်သည့်သူ ဖြစ်၏။ ကြင်နာသနားတတ်ခြင်း၊ အမှန်တရားကိုသာ ရှေ့ရှုခြင်း၊ သာတူညီမျှဆက်ဆံတတ်ခြင်း စသည့် အသက အသကသော ဂုဏ်တို့သည် ယူဆောင်းဆိုသည့် ထိုသူ့ကို ရည်ညွှန်းသည်။
ပင်မမျိုးနွယ်စုသို့ ဝင်ရောက်ရန်အတွက် ပထမဆုံးကျော်ဖြတ်ရမည်မှာ မျက်စိတဆုံးရှည်လျားလှသော ထင်းရှူးဝင်္ကပါတောအုပ်ဖြစ်သည်။ ထင်ရှူးဝင်္ကပါသည် ကျော်ကြားလှသောသူ့သတင်းများအတိုင်း တကယ်ကို ဖြတ်သန်းရန်ခက်ခဲသည့် တံတိုင်းတစ်ခုဖြစ်သည်။ ထိုတောအုပ်က ပင်မမျိုးနွယ်စုကို လေးဖက်လေးတန်၌ ကာကွယ်ထားပြီး မျိုးနွယ်စုဆက်ခံသူအားလုံးသည် ထိုတောအုပ်ကို မိမိအစွမ်းအစဖြင့် ဖြတ်ရသည်။ ထိုအချက်ကြောင့် မျိုးနွယ်စုများမှ ဆက်ခံသူများသည် သတ်မှတ်ကာလ မတိုင်ခင်ထိ ပင်မမျိုးနွယ်စုကို မရောက်ဖူးကြပါ။
"ဝါး"
ကြားဖူးသည့်သတင်းများနှင့်အပြိုင် ခမ်းနားလှသော ပင်မမျိုးနွယ်စု၏ စိတ်ဝင်စားဖွယ် အဖြာဖြာသည် ဝင်္ကပါကြောင့် စိတ်ညစ်နေသော ဆော့ဂျင်ကို ထိုစိတ်များ ပြယ်လွင့်အောင် စွမ်းဆောင်လိုက်၏။ ပုံမှန်ထက်ပိုစိမ်းလန်းသယောင် သစ်ပင်များ၊ အရောင်အသွေးစုံ ပန်းမန်များအပြင် နှာဖျားသို့လာရောက်ကျီစယ်သည်က မွှေးပျံ့လှသော သားကောင် ရနံ့များ။ ခေါင်းဆောင်၏ အဆောင်သို့ သွားရာလမ်းတစ်လျှောက် သူက ထိုသို့ ထိုသို့သော အရာများကိုသာ စူးစမ်းရင်း သွားနေပါ၏။

YOU ARE READING
Du-AL [A/B/O]
FanfictionImpossible, uh? We will crop 'Im' in it! ..... JinKook...... #30.5.2022 #Freya&Mirror #collaboration