အပိုင်း( ၂ )

3.4K 395 13
                                    

မနက်စောစီးစွာ ပုံပမာအိပ်ရာနိုးလာသည် ။ မျက်နှာသစ်ရန် အိမ်နောက်ဖေးရေစင်ထွက်လာတော့ ရေမရှိသော စဥ့်အိုးကြောင့် မနက်ခင်းလေ့ကျင့်ခန်းလုပ်ရမည် ။ ခေါင်းခုရန် အဝတ်ပိုင်းယူ၍ ရေအိုးတစ်လုံးကိုင်မကာ အိမ်မှ ထွက်လာသည် ။ လမ်း၌ ပုံပမာထက် ဦးစွာ ရေအပြိုင်အဆိုင် ခပ်နေကြသော အမျိုးသားများ ၊ အမျိုးသမီးများ တွေ့သည် ။

ကျွန်း၌ ရေရှား၏ ။ ရေငန်မှာ ပင်လယ်ရှိသော်လည်း ရေချိုမှာ တစ်ကျွန်းလုံး၌ ရေတွင်းနှစ်တွင်းသာ ရှိသည် ။ ရေတွင်းတစ်တွင်းမှာမူ တောထဲသို့ အနည်းငယ်သွားရသဖြင့် လူတွေက နွေရာသီလို ရေရှားမှ ဝေးဝေးလံလံ ရေသွားခပ်သည် ။ အများအားဖြင့် ကမ်းနီးအိမ်နီးသော ရေတွင်း၌သာ အလုအယက် ရေခပ်ရသည် ။ ရေအခပ်များ၍ ရေခမ်းသွားပြီး ရေမရသောအချိန်များ ကြုံဖန်များ၍ နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဆိုသည့် အခြေအနေမျိုး ။ ရေမရလျှင် ပုံပမာမှာ အမေပန်းရုံ​၏ ပူညံပူညံအပြောကို နားသောတဆင်ရမည့်အပြင် တောထဲထိ ရေသွားခပ်ရမည် ။ ထိုကြောင့် ပုံပမာ ရေအိုးပိုက်၍ ရေတွင်းသို့ ခပ်သွက်သွက် ခြေလှမ်းသည် ။

ရေတွင်းသို့ သွားရာလမ်းမှာ အင်္ဂတေဖြင့် ပြုလုပ်ထားသော ပုစွန်ပြင်ကို ဖြတ်ရ၏ ။ ပုစွန်ပြင်ဟုခေါ်သောအကြောင်းမှာ ပုစွန်ခေါင်းများကို ဖြတ်ပြီး နေလှန်းသောနေရာဖြစ်၏ ။ ပုစွန်ခေါင်းများ ခြောက်လျှင် အမှုန့်ကြိတ်၍ ပုစွန်မှုန့်အဖြစ် မြို့တွင် ပြန်ရောင်းသည်။ ပုစွန်မှုန့်များသည် တိရိစ္ဆာန်အစာအ​ဖြစ် အသုံးဝင်သလို သစ်ပင်၌ မြေဩစာအဖြစ် သုံးနိုင်သည် ။

ပုစွန်ပြင်၏ဘေးဘက် ကုန်းမြေ၌မူ ငုဝါပင်များရှိသည် ။ ဆယ့်သုံးနှစ် ဆယ့်လေးနှစ် အပျိုပေါက်လေးများမှာ မနက်စောစော အပြိုင်အဆိုင်ပန်းခူးနေသဖြင့် ပန်းပွင့်တို့မှာ ကုန်လုနီးပါး။ ပုံပမာကတော့ သူတို့မခူး၍ ကျန်ခဲ့သော ပုန်းပန်းအဝါကိုပဲ ဘုရားပန်းကပ်ရသည် ။

"အစ်မပုံ ရေသွားခပ်မလို့လား"

"အင်း"

"မနေ့က မြို့သွားတာ ဘာပါတုန်းအစ်မပုံ"

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now