အပိုင်း( ၃ )

2.8K 384 11
                                    

အိပ်နေစဥ် ပါးပေါ်သို့ စိုစွတ်စွတ်အရာတစ်ခု ပြုတ်ကျသည် ။ ပုံပမာ ထိုအရာကို လက်ဖြင့် စမ်းကြည့်စဥ် တောင်ပံခတ်သံ တဖျတ်ဖျတ်ကြောင့် မျက်လုံးဖွင့်တော့ သစ်ကိုင်းပေါ်၌ နားသော ကျီးကန်းက ဝဲခနဲ ထပျံသည် ။ ပုံပမာ အနီးအနားသစ်ပင်၌ သစ်ရွက်ခူး၍ ပါးပေါ်ပေသွားသော ဌက်ချေးကို ဖယ်သုတ်သည် ။ မနက်စောစော ပါးပေါ် ဌက်ချေးပေသဖြင့် စိတ်မကြည်တော့ ။ ပုံပမာ ဘေးပတ်ဝန်းကျင်ကို ကြည့်သည် ။

ညက ပုံပမာ တောထဲ၌ အိပ်သည် ။ တောခြင်နှင့်ဖြုတ်တို့ သောင်းကျန်းမှုကြောင့် တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရ ။ ချွတ်ထားသည့်ဦးထုပ်ကို ယူဆောင်း၍ ညတုန်းက လှေထဲတွင် သွားယူထားသည့် ဓားမကို ကောက်သည် ။

ပုံပမာ ညက ကြောက်ခဲ့သည် ။ ထိုကြောင့် မီးအိမ်နောက်ကို ဆက်မလိုက်ခဲ့ ။ ထိုမိန်းမက မီးအိမ်ကိုင်၍ တစ်နေရာထွက်သွားသည် ။

သစ်ပင်များ အုပ်ဆိုင်းနေသော အပေါ်သို့ ပုံပမာမော့ကြည့်၍ လမ်းဟု ထင်ရသောဘက်သို့ ပုံပမာ ဦးတည်လျှောက်လာသည် ။ တစ်နေရာအရောက် တုတ်ခိုင်​သော မန်ကျည်းပင်စည်တွင် ကပ်ဆောက်ထားသော အိမ်ငယ်တစ်လုံးကို ပုံပမာတွေ့သည် ။ အမိုးအကာများမှာ ဓနိခက်များ ၊ အုန်းခက်များဖြင့် ချစ်စရာကာရံထားသည် ။ ထိုအိမ်ငယ်မှာ သစ်ပင်တွင် မှီတည်ထားသည့် ဌက်သိုက်လို ၊ ပင့်ကူအိမ်လိုမျိုး အလွန်မြင့်သောကြောင့် ပုံပမာ မော့ကြည့်ရ၏ ။

အိမ်၏အရှေ့ဘက်၌ အဝတ်လှန်းကြိုးတန်းရှိသည် ။ ထို့အပြင် အုန်းပင်နှစ်ပင်၏ ပင်စည်ကို ကြိုးချည်၍ ပြုလုပ်ထားသော ဒန်းတစ်ခုလည်းရှိသည် ။ ထိုဘေး၌ ငြိမ်းနေပြီဖြစ်သည့် မီးပုံတစ်ပုံလည်းရှိသည် ။ မီးခဲမရှိသော်လည်း မီးပုံမှ မီးခိုးငွေ့များလှိုင်တက်နေပုံမှာ ရီဝေသည် ။ လူနေထားသကဲ့သို့ အခြေအနေဖြစ်၏ ။

"လူရှိလားရှင့်"

ပုံပမာ အသံပြုသော်လည်း တုံ့ပြန်မှု တစ်စုံတရာမရ ။ စူးစမ်းချင်သဖြင့် အိမ်ပေါ် တက်ရန် တွေးတော့ အိမ်၌ လှေကားရှိမနေ ။ ဘေးဘက် လှည့်ကြည့်တော့ ကွမ်းပင်၌ မှီထားသော ဝါးလှေကားကို တွေ့သည် ။ အိမ်မှာ မြင့်သောကြောင့် လှေကားမှာ မြင့်၏ ။ အထစ်ခုနှစ်ပါရှိသည် ။ ပုံပမာ ဝါးလှေကားကို ယူ၍ အိမ်ရှေ့၌ ထောင်ပြီး အိမ်ပေါ်သို့ တက်သည် ။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now