အပိုင်း( ၆ )

3K 379 16
                                    

မော်တော်ဘုတ်တစ်စီးသည် မြွေကျွန်း၏ ကမ်းကို ဆိုက်ကပ်လာသည် ။ လှေပေါ်မှ အသက်သုံးဆယ့်ငါးနှစ်အရွယ်အမျိုးသားက ဖြူလွှလွှသဲပေါ်တွင် ခပ်တည်တည် ရပ်နေသော ဂန္ဓာရီကို အနုပညာတစ်ခုလို ကြည့်သည် ။ သူက မော်တော်ဘုတ်ပေါ်မှ ဆင်းလာပြီး မီးခိုးရောင်ပဝါတစ်ထည်ကို ဂန္ဓာရီ၏ ပခုံးပေါ်၌ လွှမ်းခြုံပေးသည် ။ ပြီးတော့ ဂန္ဓာရီ၏ လက်ထဲရှိ တယောကို ရို့ကျိုးစွာ ယူကာ ဘေးတွင် ရပ်စောင့်နေသည် ။

ဂန္ဓာရီ သဲပေါ်၌ ဆောင့်ကြောင့်ထိုင်ချ၍ ရှည်သွယ်သွယ်လက်ညိုးဖြင့် သဲကို ထိကာ စာလုံးတစ်လုံးကို ရေးလိုက်သည် ။ သဲကို ကျွံဝင်သွားသည့် လက်ညိုးကြောင့် လှပဝိုင်းစက်သော စာတစ်ကြောင်းပေါ်လာသည် ။ ရေတက်လာလျှင် သို့မဟုတ် မိုးရွာလျှင် သို့မဟုတ် သက်ရှိအရာတစ်ခုခုက ဖျက်ဆီးလိုက်လျှင် ဤစာလုံးလေး အချိန်တိုအတွင်း ပျက်သွားနိုင်သဖြင့် ဂန္ဓာရီ စိတ်များ လေးလံသွားသည် ။ ဂန္ဓာရီ ဖန်တီးသော အရာကို ရာသီဥတုဒဏ်ဖြစ်ဖြစ် တစ်စုံတစ်ဦးပယောဂဖြစ်ဖြစ် အဖျက်အဆီးခံရတာမျိုး ဂန္ဓာရီမကြိုက် ။

ရေးထားသည့် စာလုံးများကို ဂန္ဓာရီကိုယ်တိုင် ဆုပ်ချေ၍ သဲပုံစံအား ဖျက်ဆီးပစ်လိုက်တော့ ဘေးတွင် ရပ်နေသော အမျိုးသားမှာ မျက်ခုံးပင့်သွားသည် ။ ဂန္ဓာရီ မော်တော်ဘုတ်ပေါ်သို့ တက်သွားပြီး လှေဦး၌ ရပ်ကာ ပင်လယ်ကို ကြည့်သည် ။ speedboatမို့ အရှိန်နှုန်းမြင့်စွာ ပြေးလွှားနေပြီး ဖြန့်ချထားသော ဂန္ဓာရီ၏ ဆံပင်များသည် လေထဲ ပျော်မြူးကခုန်သည် ။ ပခုံးပေါ် လွှမ်းခြုံထားသည့် မီးခိုးရောင်ပဝါကို လည်တိုင်တွင် တစ်ပတ်ပတ်၍ လက်ပိုက်ထားလိုက်သည် ။ အရှိန်ကြောင့် ရေငန်စက်များမှာ ဂန္ဓာရီ၏ လက်မောင်းတွင် လာစင်ပြီး ရေမှုန်ရေမွှားများ ဂန္ဓာရီပတ်လည်၌ ပျော်မြူးနေသည်ဟု ခံစားရသည် ။ သူတို့သည်လည်း ဂန္ဓာရီ၏ တယောသံကို သိပ်နှစ်ခြိုက်ကြသည် ။

ဂန္ဓာရီက အနှိုင်းအဆမရှိ နက်ရှိုင်းသော ကျယ်ဝန်းသော လှပသော ပင်လယ်ကို ချစ်သည် ။ ပင်လယ်ကလည်း ဂန္ဓာရီကို ချစ်သည် ။ ဂန္ဓာရီတို့သည် အမြဲထပ်တူညီသော အချက်များ ရှိသည် ။ ကောင်းကင်ပြာ၍ ပင်လယ်ပြာရသလို တောတောင်စိမ်း၍ ပင်လယ်စိမ်းရသည် ။ ပန်သီးကြွေတာ ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့်ဆိုလျှင် ပင်လယ်၌ မုန်တိုင်းထန်တာ လေပြင်းနှင့်မိုးတို့၏ အကွက်ချမှုကြောင့် ဖြစ်သည် ။ ဂန္ဓာရီက ဤသဘောတရားကို ကောင်းစွာနားလည်ပြီး မာယာများသော ပင်လယ်ကို သဘောကျသည် ။ သူ၏ ပွေ့ဖက်မှုကိုလည်း နှစ်သက်သည် ။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now