အပိုင်း( ၁၅ ) ဇာတ်သိမ်း

5.1K 498 73
                                    

ကျီးအာသံများကို အဆက်မပြတ်ကြားရပြီး ပုံပမာ ကောင်းကင်သို့ မော့ကြည့်လိုက်တော့ တောကျီးကန်းအုပ်လိုက်မှာ ဤနေရာသို့ တစ်စုတစ်ဝေးတည်း ရောက်ရှိ ပျော်မြူးနေသည်။ အစာအာဟာရကောင်းရှိကြောင်း သတင်းကြား၍ ဝိုင်းဖွဲ့ရောက်လာကြသလိုမျိုး။ အနိမ့်ပိုင်းသို့ ပျံလာကြသဖြင့် တောင်ပံခတ်သံတဖျတ်ဖျတ်မှာ ပိုကျယ်လာပြီး ပုံပမာ ကြက်သီးမွှေးညှင်းထသွားသည်။ လူတစ်ယောက်ကို ဝိုင်းဖွဲ့တိုက်ခိုက်နိုင်လောက်အောင် အရေအတွက်များနေ၍ လန့်ရသည်။

ပင်လယ်ရေမှာ တဖြည်းဖြည်းကျဆင်းလာသည်။ ရေဖုံးလွှမ်းထားသည့် ကျောက်စရစ်နှင့်သောင်ပြင်အလှအပမှာ ကမ်းခြေအဖြစ် အလှဆင်လာသည်။ မြင့်မားတုတ်ခိုင်သော ကျောက်ဆောင်တစ်ခုခြားသည့် တစ်ဖက်ကမ်းသို့ အနည်းငယ်ဆက်သွားလိုက်တော့ ကျီးကန်းများမှာ ကမ်းစပ်၌ တင်နေသော တစ်ခုခုကို ဝိုင်းအုံထိုးဆိတ်နေကြသဖြင့် ပုံပမာမျက်လုံးပြူးသွားသည်။ ၎င်းအရာမှာ လူအရွယ်အစားခန့်ရှိပြီး ကျီးကန်းများအုံဖွဲ့နေ၍ သေချာမမြင်ရသော်လည်း ပုံပမာမျက်ရည်ဝဲတက်လာသည်။

မဟုတ်ဘူး၊ ဒီလိုမဖြစ်ရဘူးဟု ငြင်းဆိုရင်း ပုံပမာ ကျီးကန်းများဝိုင်းအုံနေရာသို့ ကမူးရူးထိုးပြေးသွားတော့ ကျီးကန်းများမှာ လန့်ပြီး ဝဲခနဲ ထပျံကုန်ကြသည်။ ဓားမနှင့်စွန်ဌက်ကြိုးကိုင်ထားသည့်ပုံပမာ့လက်တို့မှာ တဆတ်ဆတ်တုန်နေ၏။ ပုံပမာကြည့်လိုက်တော့ ယင်တဝီဝီနားကာ ပုပ်သေနံစော်နေသည့် ငါးကြီးတစ်ကောင်ဖြစ်နေ၍ ပုံပမာ သဲပေါ်၌ ဘုတ်ခနဲ ထိုင်ချလိုက်သည်။

"ငါရူးသွားပြီလား၊ ဘာလို့ ဒေါ်ဂန္ဓာရီထင်မိရတာလဲ”

ပုံပမာ ငါးသေကြီးနား၌ ထိုင်၍ ဓားမကို သဲထဲထိုးစိုက်ကာ စီးထားသည့်ဖိနပ်ပြတ်ကိုလည်း ဆတ်ခနဲခြေခါထုတ်ပစ်လိုက်သည်။ ပြီးတော့ စွန်ဌက်လေးကို ထိုင်ကြည့်ရင်း မှိုင်တွေနေမိသည်။ ကျီးကန်းများမှာ သစ်ကိုင်းများပေါ် နား၍ ငါးသေကို စားရန် ပုံပမာကို ကြည့်နေ၏။ အသက်ရှူလိုက်တိုင်း အပုပ်နံ့လှိုင်လှိုင်မှာ ထောင်းထနေသဖြင့် ပုံပမာ နှာခေါင်းပိတ်၍ ကိုယ်ကိုလှည့်လိုက်တော့ ကုန်းမြေဘက် အနောက်ဘက်ဓနိတောရိပ်၌ တစ်ခုခုရိပ်ခနဲလှုပ်သွားသဖြင့် ပုံပမာအပြူးသားလိုက်ကြည့်နေမိသည်။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Tahanan ng mga kuwento. Tumuklas ngayon