အပိုင်း( ၄ )

2.9K 376 14
                                    

မီးခိုးရောင်ဆိုသည်မှာ အဖြူနှင့်အနက်တွဲစပ်ထားသော သဘာဝအရောင်။ ခပ်မှိုင်းမှိုင်းအကွက်ငယ်။ လွမ်းမောခြင်း ကိုယ်စားပြု၏။

ကောင်းကင်၌ မီးခိုးရောင်တိမ်တိုက်တွေ လေယူရာယိမ်းတော့ လွမ်းရိပ်တိုးသည်။ တစ်စုံတရာကို လွမ်းဆွေးရသည်မှာ တမြည့်မြည့် ကြည်နူးချင်စရာကောင်း၏။

မီးမွေးစဥ် လှိုင်လှိုင်တက်လာသော မီးခိုးငွေ့တွေမြင်တိုင်း၊ ဖက်ဆေးလိပ်ကြားဆီမှ မီးခိုးငွေ့တန်းမြင်တိုင်း၊ ကောင်းကင်ပေါ်၌ မှိုင်းညှို့ဝေသောတိမ်တိုက်တွေမြင်တိုင်း လွမ်းရမည့် မီးခိုးရောင်သံစဥ်ရှိခဲ့ပြီ။ မီးခိုးရောင်တွေသည် ပျော်မွေ့ချင်စရာ။ တစ်စုံတရာကို လွမ်းဆွေးမှုသည် သိပ်ကောင်းသောခံစားချက်ဖြစ်၏။

အမေပန်းရုံက ပုံပမာကို စိတ်ကူးယဥ်သမားဟုပြောသည်။ စိတ်ကူးယဥ်မှုသည် ရူးသွပ်စရာကောင်းကြောင်း ပုံပမာ အကျယ်တဝင့်မပြောဖြစ်။

"မိပုံ၊ ညည်း ငါ့ကို မှန်မှန်ပြောစမ်း၊ ညည်း ဟိုနေ့ညက ဘယ်မှာအိပ်တာလဲ"

တစ်နေ့က ပုံပမာမြွေကျွန်းမှ ပြန်လာတော့ အမေပန်းရုံ၏အဆူအငေါက်ခံရသည်။

"ပန်းရုံရယ် ဒီအကြောင်းတော်ပါတော့အေ၊ ဥပုသ်နေ့ ဘုန်းကြီးကျောင်းတက်မယ်ဆို သွားခါနီး အကုသိုလ်များတယ်"

"လျှောက်သားပေါက်လာမှာစိုးလို့မေးတာအမေရဲ့၊ ကျွန်မမွေးထားတာ သမီးမိန်းကလေး စိတ်ပူရတယ်၊ အမေအလိုကောင်းကောင်းလိုက်"

လျှောက်သားဆိုသည်မှာ လင်ကောင်မပေါ်ဘဲ ဗိုက်ထွက်လာမည်ဟု ဆိုလိုသဖြင့် အမေပန်းရုံတို့၏ ပင်လယ်ဒေသစကားများကို ပုံပမာလိုက်မီအောင် မနည်းတွေးရသည်။ အဘွားအေးနှင့်အမေပန်းရုံက ဝါတွင်းကာလမို့ ဘုန်းကြီးကျောင်း၌ ဥပုသ်စောင့်ကြသည်။

"ညည်း ဘယ်မှသဝေထိုးဖို့မတွေးနဲ့နော်၊ ငါအိမ်ပြန်လို့ ညည်းကို မတွေ့ရင် ဒီတစ်ခါ ညည်းခြေထောက်အကျိုးပဲ"

အရိုက်ခံရ၍ နာနေသည့်ခြေသလုံးကို ပုံပမာ သနားသည်။ သမီးကို ဆူငေါက်၍ ဥပုသ်သွားစောင့်မည့်အမေပန်းရုံမှာ ကုသိုလ်ရမရတော့မသေချာ။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now