မနက်ခင်း၌ တေးဌက်သီဆိုသံကို ကြည်လင်စွာ ကြားရသည်။ ပြတင်းပေါက်ကို ဘေးသို့ တွန်းလိုက်တော့ ညတုန်းက ရွာထားသော မိုးရေစက်တွေမှာ ပန်းပင်၊ အဆောက်အအုံများ၌ တွဲလဲခိုနေသည်။ အုံ့မှိုင်းနေသည့်ပတ်ဝန်းကျင်မှာ အအေးဓာတ်ခံစားရပြီး စာကလေးအချို့မှာ ပုံပမာ့အခန်းပြတင်းပေါက်မှ ဖြတ်သွားကြသည်။ ပုံပမာ ပြတင်းပေါက်သို့ ခေါင်းပြူကြည့်လိုက်တော့ စာကလေးများမှာ ဒေါ်ဂန္ဓာရီ့အခန်းပြတင်းပေါက်၌ နားကာ တကျီကျီလုပ်နေသည်။ ဆောင်းဥတု၌ ဖြစ်ပေါ်သော စိုထိုင်းထိုင်း မီးခိုးရောင်ကောင်းကင်က ဤမျှထိ ကြည်လင်သာယာလှပနေသတဲ့။
ပုံပမာ အခန်းထဲမှ ထွက်လာပြီး ဒေါ့်ဂန္ဓာရီအိမ်အပေါ်ထပ်ကို လှည့်လည်ကြည့်သည်။ အခန်းများပြီး အသုံးအဆောင်မှာ နှစ်ကာလကြာအောင် သိမ်းဆည်းထားသည့် အနုပညာအမွေအနှစ်များလို ခံစားမှုရ၏။ လှေကားအောက်ဆင်းလာပြီး တူရိယာခန်းဟု နာမည်တပ်ထားသည့် အခန်းထဲ ဝင်ကြည့်တော့ ပုံပမာမှင်သက်သွားသည်။ မြန်မာ့ဆိုင်းဝိုင်းတစ်ခုလုံးကို မြင်လိုက်ရသလို မြန်မာ့တူရိယာစုံလင်လှသည်။ သို့သော် ၎င်းတူရိယာတွေမှာ အသုံးမပြုတော့သလို။ ဤအိမ်ကြီးမှာ ဇာတ်သဘင်ရုံးဖြစ်ခဲ့ကြောင်း မြင်သမျှက သက်သေပြနေသည်။
ပုံပမာ တူရိယာခန်းမှ ထွက်လာတော့ အလှငါးမွေးမှန်ပုံးရှေ့ရပ်၍ ငါးအစာကျွေးနေသည့် ဒေါ်ဂန္ဓာရီကို တွေ့သည်။ ဒေါ်ဂန္ဓာရီက နို့နစ်ရောင်ညအိတ်ဂါဝန်ရှည်ကို ကြိုးချည်ဝတ်ထားပြီး ဆံပင်ရှည်တွေကို သိမ်းယူကာ ဘယ်ဘက်ရင်ဘတ်ရှေ့ပို့ထား၏။ ဤမိန်းမဟာ တစ်ချိန်က နာမည်ကြီးပါလားဟူသည့် အငွေ့အသက်ခံစားရပြီး ရှိန်သွားသည်။ မြွေကျွန်း၌ ကိုယ်ထူကိုယ်ထ သဘာဝတရားကြီးအမှီပြုနေခဲ့သော ဒေါ်ဂန္ဓာရီနှင့် ကွာဟကာ ဤအိမ်ရှိ ဒေါ်ဂန္ဓာရီမှာ သခင်မဆန်သည်။
ထိုစဥ် အန်တီမွှေးက ပုံပမာ့ကို လက်တို့ကာ အနောက်ဘက်သို့ ဆွဲခေါ်သွားသည်။ အနောက်ဘက်၌ အန်တီအေးက မနက်စာပြင်နေ၏။ ပုံပမာကို စားပွဲဝိုင်း၌ ထိုင်ခိုင်းတော့ အူကြောင်ကြောင်လိုက်ကြည့်မိသည်။
ESTÁS LEYENDO
ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်
Romanceတစ်စုံတရာသည် ပန်းတွေပွင့်အောင်လည်း လုပ်နိုင်သည် ။ လေပြည်တွေလိုလည်း အေးမြမှုပေးနိုင်သည် ။ ဌက်တွေကိုလည်း တေးဆိုစေနိုင်သည် ။ ကောင်းကင်ပြာကိုလည်း လွမ်းရိပ်ဖြင့် မီးခိုးရောင်ပြောင်းစေနိုင်သည် ။ ထိုတစ်စုံတရာသည် မီးခိုးရောင်တယောသံမှ စတင်ခဲ့၏ ။ #own creat...