စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ဂန္ဓာရီသည် ဦးဖေကျော်နှင့်ဒေါ်ဥမ္မာ အလစ်များ၌ သဘင်ရုံးသွား၍ ဂီတပညာကို သင်သည် ။ ဦးသာလွန်က စိတ်အားသန်ရာ တူရိယာတစ်မျိုးရွေးချယ်ခိုင်းတော့ ဂန္ဓာရီက တယောကို ရွေးခဲ့သဖြင့် ဂန္ဓာရီက တယောထိုးခြင်းအနုပညာ ၊ သံစဉ်များ၏ ဖွဲ့စည်းပုံ လျို့ဝှက်ချက်များ အသေးအစိတ်သင်ကြားခဲ့ရသည် ။ တစ်ကြိမ်ပြောပြရုံဖြင့် သိနားလည်သော ဂန္ဓာရီ၏ ဉာဏ်ကောင်းမှု ၊ ပါရမီတို့ကို ဦးဖေကျော်က အလွန်အံ့ဩ လက်ဖျားခါသည် ။ တစ်လအတွင်း၌ ဂန္ဓာရီသည် တယောတူရိယာကို ပိုင်နိုင်စွာ ထိုးနိုင်ပြီး သံစဉ်များ၏ သဘော နားလည်ကာ အံ့မခန်း ထိန်းချုပ်နိုင်လာသည် ။ အားသည့်အချိန်များတွင် ဂန္ဓာရီက ဇာတ်သဘင်ရုံးကို သွား၍ တယောထိုးလေ့ကျင့်ပြီး ကျောင်းစာကိုလည်း မလစ်ဟင်းခဲ့ ။ဆယ်တန်းစားမေးပွဲဖြေပြီးသည့်ချိန်၌ ဦးသာလွန်က ဂန္ဓာရီ့ကို ဇာတ်အဖွဲ့ထဲ ဝင်မလား မေးသည် ။ ဇာတ်အဖွဲထဲ ဝင်မည်ဆိုလျှင် မိဘခွင့်ပြုချက်လိုပြီး အိမ်က ခွင့်ပြုအောင် လိုက်ပြောပေးမည်ဟု ပြောတော့ ဂန္ဓာရီ တွေဝေသည် ။ ဦးကျော်ဖေနှင့်ဒေါ်ဥမ္မာက ဂန္ဓာရီ့ကို ဇာတ်အဖွဲ့ထဲ လုံးဝဝင်ခွင့်ပြုမည်မဟုတ်မှန်း ဂန္ဓာရီ သိသည် ။ ဂန္ဓာရီ၏ ရည်မှန်းချက်သည် တားဆီးပိတ်ပင်ခံရမှုကြောင့် ပျက်စီးသွားခြင်းမျိုး ဂန္ဓာရီအဖြစ်မခံနိုင် ။ ဂန္ဓာရီက ကိုယ်မှန်တယ် ထင်လျှင် တိမ်တွေ ပေါ်ထိ တစ်ဦးတည်း တက်သွားချင်သည့် မိန်းမမျိုး ။ ဂန္ဓာရီ့သဘောကို ဆန့်ကျင်ခြင်းသည် ဂန္ဓာရီ့ကို ကျောခိုင်းစေရန် လုံလောက်သော အကြောင်းပြချက်ဖြစ်စေသည် ။
"ဂန္ဓာရီ့မှာ မိသားစုမရှိဘူး ၊ ဂန္ဓာရီဟာ မိုးကျရွှေကိုယ်ပဲ”
ဦးသာလွန်က ဂန္ဓာရီ၏စကားကြောင့် ဂန္ဓာရီ့အကြောင်းကို မြို့၌ စုံစမ်းကြည့်တော့ ဂန္ဓာရီသည် ဦးဖေကျော်နှင့်ဒေါ်ဥမ္မာ၏ မွေးစားသမီးဟူသော အဖြစ်မှန် သိသွားသည် ။ ဇာတ်အဖွဲ့နှင့် လိုက်ရန် သေချာပြီလားမေးတိုင်း ဂန္ဓာရီက တွေဝေခြင်းမရှိစွာ လိုက်မည်ဟု အခိုင်အမာ ပြောသည် ။ ဦးဖေကျော်နှင့်ဒေါ်ဥမ္မာတွင် စိမ်းရှိနေပြီမို့ ဂန္ဓာရီမရှိလည်း ဖြစ်သည် ။ ဂန္ဓာရီ့ဘဝလမ်းကို ဂန္ဓာရီအင်အားဖြင့် ကိုယ်တိုင်ကြိုးစားဖောက်၍ ရဲဝံ့စွာ လျှောက်ကာ တောက်ပချင်သည့် ဂန္ဓာရီ့ဆန္ဒသည် သိပ်ကြီးမားသည် ။ ဂန္ဓာရီ၏ မွေးစားမိဘ ၊ သွေးသားမတော်စပ်သော အစ်ကိုနှင့်ညီမလေးကို စွန့်ခွာရန် ဂန္ဓာရီမတုံ့ဆိုင်းနေ ။ ဂန္ဓာရီသည် သိတတ်စအရွယ်တည်းက တစ်ကိုယ်တည်းနေတတ်ရန် ကိုယ့်ကိုယ်ကိုယ် သင်ကြားလာခဲ့သူ ။
BINABASA MO ANG
ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်
Romanceတစ်စုံတရာသည် ပန်းတွေပွင့်အောင်လည်း လုပ်နိုင်သည် ။ လေပြည်တွေလိုလည်း အေးမြမှုပေးနိုင်သည် ။ ဌက်တွေကိုလည်း တေးဆိုစေနိုင်သည် ။ ကောင်းကင်ပြာကိုလည်း လွမ်းရိပ်ဖြင့် မီးခိုးရောင်ပြောင်းစေနိုင်သည် ။ ထိုတစ်စုံတရာသည် မီးခိုးရောင်တယောသံမှ စတင်ခဲ့၏ ။ #own creat...