အပိုင်း( ၅ )

2.9K 382 16
                                    


ဦးဖေကျော်သည် အလုပ်အဆင်မပြေ၍ စိတ်ညစ်ညစ်ဖြင့် ကမ်းနားလမ်းရှိ ကျောက်ပုံဆိပ်၌ ငါးထိုင်မျှားနေ၏။ ထိုစဥ် ရေလယ်၌ ရာဘာခွက်တစ်လုံး လှိုင်းပုတ်ကာ ကမ်းစပ်မျောလာသည်။ ဦးဖေကျော် ဆယ်ယူတော့ ခွက်ထဲ၌ ပုဆိုးဖြင့် အုပ်ထားသော သားခြောက်ဖြစ်နေ၏။ အနီးအနားပတ်ဝန်းကျင်၌ မည်သူမျှမရှိသဖြင့် ဦးဖေကျော်က ၎င်းသားခြောက်ကို အိမ်သို့ ယူပြီး သူ့မိန်းမ ဒေါ်ဥမ္မာကို ပြသည်။ သို့သော် အိမ်ရောက်၍ ပုဆိုးဖွင့်ကြည့်ချိန် သားခြောက်မှာ မွေးခါစကလေးတစ်ဦးဖြစ်နေသဖြင့် ဦးဖေကျော်လန့်သွားသည်။

သူပဲ သားခြောက်ဟု အမြင်မှားခဲ့သလား ဦးဖေကျော်စဥ်းစားသည်။ ဒေါ်ဥမ္မာက ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်သဖြင့် ဦးဖေကျော်ကို ပြန်သွားပစ်ရန်ပြော၏။ ဦးဖေကျော်ကမူ ဤထူးခြားဖြစ်ရပ်ကို တွေး၍ ကလေးနှင့်ရေစက်ရှိသည်ဟုမှတ်ကာ မွေးစားလိုက်သည်။

ဦးဖေကျော်၌ သုံးနှစ်အရွယ်သားတစ်ယောက်ရှိသည်။ သမီးမရှိသဖြင့် သမီးအဖြစ် မွေးစားရန် ဒေါ်ဥမ္မာကို နားချသည်။ သားဖြစ်သူကျော်ကျော်မှာလည်း သမီးကို ညီမလေးအဖြစ် မြင်မြင်ချင်း ချစ်ခင်သည်။

ဒေါ်ဥမ္မာသည် ကလေးကို မမွေးစားချင်သော်လည်း ဦးဖေကျော်နှင့်ကျော်ကျော်က နားပူနားဆာလုပ်၍ လက်ခံလိုက်သည်။ သမီးလေးကို မွေးစားပြီးနောက်ပိုင်း ဦးဖေကျော်၏ပုလဲမွေးမြူရေးလုပ်ငန်းမှာ အလွန်အောင်မြင်လာသည်။ ဘာလုပ်ငန်းလုပ်လုပ်အဆင်ပြေသည်။ အိမ်ဌားဘဝမှ အိမ်ပိုင်ဖြစ်လာပြီး စီးပွားရေးမှာ တဟုန်ချင်း တိုးတက်လာသည်။ မြို့၌ သူဌေးတစ်ဦးဖြစ်လာ၏။

သမီးလေးရောက်လာပြီး စီးပွားရေးအဆင်ပြေလာသဖြင့် သမီးလေးကို လာဘ်ကောင်လေးဟု သဘောထားကာ ဦးဖေကျော်သည် အလွန်ချစ်၏။ ဒေါ်ဥမ္မာကလည်း သမီးကို လိုလိုလားလား လက်ခံလာသည်။

ဦးဖေကျော်က သမီးလေးသည် လျှို့ဝှက်ဆန်းကျယ်သောကြောင့် နာမည်ကို ဂန္ဓာရီဟု မှည့်လေသည်။ ဂန္ဓာရီသည် တစ်အိမ်လုံး၏အချစ်ကို သည်းသည်းလှုပ်ခံရ၏။ ကျောင်းနေအရွယ်ရောက်တော့ ဂန္ဓာရီကို ကျော်ကျော်နှင့်အတူ ကျောင်းထားသည်။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now