အပိုင်း( ၉ )

2.3K 306 9
                                    

တိမ်ကင်းစင်သော နေ့ကောင်းကင်။ အပြာရောင်များ လွှမ်းခြုံနေပြီး မိုးကောင်းကင်မှာ ကျန်းမာနုပျိုနေ၏။ အုန်းပင်အောင်၌ ထိုင်၍ ဒေါ်ဂန္ဓာရီ ရေးခြစ်ထားသည့် သံစဥ်noteစာရွက်ကို ကြည့်ကာ ပုံပမာ ကြိုးကြိုးစားစား တယောထိုးနေသည်။

Noteစာရွက်ကို ကျော်ကြည့်လိုက်ပါလျှင် မျက်နှာရှေ့ရှိ မန်ကျည်းပင်ရိပ်ကို ခိုလှုံနေသည့် ဒေါ်ဂန္ဓာရီမှာ ရုပ်ရှင်တစ်ပုဒ်လို သွက်လက် လှုပ်ရှားနေ၏။ ဓားမကို အားမာန်အပြည့်ကိုင်၍ ဝါးကို ချွန်ကာ တံစို့ပြုလုပ်နေပုံမှာ ပြတ်သားသည်။ မနက်စောစောထ၍ ကျောက်ဆောင်၌ အတူထိုင်ကာ ငါးမျှားချိတ်ဖြင့် မျှားထားသော ငါးနှစ်ကောင်မှာ ဤတံစို့တွင် မကြာမီ အကင်ခံရတော့မည်။ ဤသည်မှာလည်း သိပ်ထူးခြားသည့်မြင်ကွင်း။ နာမည်ကြီးအငြိမ့်မင်းသမီးတစ်ဦးက လူသူမဲ့ကျွန်း၌ သဘာဝကျကျ နေထိုင်နိုင်သည်မှာ အနုပညာဆန်သည်။

တစ်ခါတရံ လေတိုက်၍ မန်ကျည်းရွက်လေးက ဒေါ်ဂန္ဓာရီ့ကိုယ်ပေါ် ကျလာတတ်ခြင်းကအစ ဒေါ်ဂန္ဓာရီက နေရောင်စူးစူး မျက်လုံးကို လာထိုးလျှင် ရှောင်ဖယ်မည့်အစား နေလုံးကို ခပ်စွာစွာ ပြန်ကြည့်တတ်သည့် အမူအရာအဆုံး သိပ်လက်ရာမြှောက်ပါသည်။

ဒေါ်ဂန္ဓာရီက တစ်ကြိမ်သာ တယောထိုးပြပြီး နောက်တော့ ပုံပမာက စာရွက်ကြည့်၍ သံစဥ်အနိမ့်အမြင့် ကိုယ့်ဘာသာ လေ့ကျင့်ရသည်။ ဒေါ်ဂန္ဓာရီက မှားနေလျှင် လှမ်းအော်တတ်သေးသည်။

"ဂန္ဓာရီ တောထဲ ဝင်ဦးမယ်၊ ပုံပုံရေ မင်း တယောထိုးတာ ခဏရပ်ပြီး ငါးကင်လာကြည့်ထားပေး ပြီးရင် ပြန်လေ့ကျင့်ရမယ်နော်”

"ဟုတ်၊ အဒေါ်က ဘာသွားခူးမလို့လဲ”

ပုံပမာ တယောကို ဒန်းပေါ် ချထားခဲ့ပြီး မီးဖိုဘေးသွားထိုင်တော့ ဒေါ်ဂန္ဓာရီက ပဝါပိုင်းကို နေရောင်လုံသလို ခေါင်း၌ လွှမ်းခြုံကာ ဝါးခြင်းတောင်းတစ်လုံးကို ယူသည်။

"တညင်ရွက်သွားခူးမလို့၊ ဟင်းချိုချက်ဖို့ ဘာမှမရှိတာနဲ့ မင်းကြိုက်တဲ့ စွံပလွန်သီး အပင်အောက်ကြွေတွေ့ရင်လည်း ကောက်ခဲ့ပေးမယ်”

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Donde viven las historias. Descúbrelo ahora