စတော်ဘယ်ရီခြံလေးဟာ သိပ်မကြီးသော်ငြား
အသီးသီးနှုန်းက သိပ်ကောင်းသည်။ခူးဆွတ်ရင်း အလုံးသန့်လေးတစ်လုံးနှစ်လုံးကိုတော့
အင်္ကျီစလေးနှင့် ပွတ်တိုက် သန့်စင်ပြီး
မြည်းစမ်းကြည့်သည်။နှင်းရည်ဝနေသည့် အသီးလေးများဟာ အရည်ရွှမ်းကာ
ချိုမြနေကြသည်။ခူးဆွတ်ပြီးသည့် စတော်ဘယ်ရီသီးတွေကို
ဖော့ဘူးထဲ ပြောင်းထည့်ကာ
ထရပ်ကားပေါ် တင်ပေးလိုက်သည်။ကားမောင်းသည့် ဦးလေးကြီးအား
ကျေးဇူးတင်စကားပြောကာ
မြို့ပေါ်က ဆိုင်ကို ကောင်းကောင်းပို့ပေးရန်နှင့်
ကားကို ဂရုတစိုက်မောင်းရန်
တောင်းဆိုစကားဆိုမိသည်။ကားထွက်သွားသည်နှင့် ပြီးဆုံးသွားသည့်
အလုပ်တစ်ခုအတွက် ဘတ်ဟျွန်းပြုံးမိသည်။ညနေစောင်းပြီမို့ အေးစပြုလာသည့်
ပတ်ဝန်းကျင်ဟာ မှုန်ရီလျက်။အလုပ်လုပ်ထားသောကြောင့်
ငြီးစီစီဖြစ်နေသည့်ခန္ဓာကိုယ်မှ ချွေးနံ့ရသည်။အဖွားက ဒူးနာနေလို့
ယာထဲ ထမင်းလာမပို့နိုင်တာ
တစ်ပတ်ကျော်ပြီဖြစ်သည်။ထိုကြောင့် အဖွားရဲ့ သမီးဖြစ်သူ
ဒေါ်လေးမီယောင်းကသာ
ထမင်းချက်တာဝန်ကျနေသည်။ဒေါ်လေးကလည်း သူ့အလုပ်နှင့်
ကလေးတွေကတစ်ဖက်မို့
ယာထဲ တကူးတက မလာနိုင်။ရေနွေးချက်ကာ ရေချိုးပြီးသည်နှင့်
ရွာထဲက အဖွားအိမ်ကို ညစာစားရန်ထွက်လာခဲ့သည်။အလုပ်သိမ်းနေကြသည့် ရွာသူရွာသားများက
အစုလိုက် အစုလိုက် အလုပ်များနေကြသလို
စကားပွက်ထိုးသံ ရယ်မောသံများဟာ မြိုင်လျက်။ဆန်အရက်စုသောက်မည့်အကြောင်းပြောနေသည့်
သူများကတစ်ဖွဲ့။မနက်မြို့ကိုသွားပြီး ဈေးဝယ်ထွက်ကြမည့် အဒေါ်ကြီးများကတစ်ဖွဲ့။
သူကြီးအိမ်မှာ လကုန်ရင် စားသောက်ပွဲလုပ်မည့် အကြောင်းပြောနေကြသူများကတစ်ဖွဲ့။
အလျှိုလျှိုစကားများနေကြသည့် အလုပ်သိမ်းသူများက
ဘတ်ဟျွန်းကိုမြင်တော့ ဝမ်းသာအားရလက်ပြနှုတ်ဆက်ကြသည်။