ဆိုဟွာရပ်ကွက်ထဲက ပရိဘောဂဆိုင်လေးရဲ့
တံစက်မြိတ်မှာ မိုးရေတွေတစ်စက်စက်ကျနေတယ်။ရေဆင်းကောင်းအောင် ဆင်ထားတဲ့
အမိုးက ဆင်းလာတဲ့ ပိုက်အောက်က
ရေပုံးထဲမှာလည်း မိုးရေ အတော်အသင့် ပြည့်လျှံနေပြီ။ပတ်ဝန်းကျင် တစ်ခုလုံး စိုစွတ် အေးစက်နေတယ်။
သို့မဟုတ် အေးမြလန်းဆန်းနေတယ်။သိပ်မကြာခင် အချိန်ကပဲ မိုးရွာသွားပြီဖြစ်လို့
နွေရာသီရဲ့ ပူပြင်းတဲ့ လမ်းကြားလေးတွေကို
ချွေးသိပ်စေတယ်။ဆိုင်ရှေ့က ဖြတ်သွားဖြတ်လာ လူတွေဆီမှာ
ထီးရောင်စုံလေးတွေ ၊ တစ်ချို့ကတော့ ခြေဖျားထိလုံတဲ့ မိုးကာအင်္ကျီတွေ ကိုယ်စီနဲ့
တစ်ချို့မှာတော့ ထီးရော ၊ မိုးကာရော နှစ်ခုလုံး မပါပဲ
ခပ်ဖွဲဖွဲရွာနေတဲ့မိုးရေထဲ ခြေလှမ်းသွက်သွက်တွေနဲ့
လိုရာသွားနေကြတယ်။ဆိုင်ခန်းလေးထဲမှာတော့ ချန်းယောလ် တစ်ယောက်တည်းသာရှိတယ်။
မိုးမရွာခင် လွန်ခဲ့တဲ့ နာရီပိုင်းလောက်ထဲက
ဘတ်ဟျွန်းက အိမ်ပြန်သွားပြီဖြစ်တယ်။
"ငယ်ငယ် အဝတ်တွေလှမ်းခဲ့တယ်"ဆိုတဲ့
စကားတစ်ခွန်းသာကြားလိုက်တယ်။ဒါကြောင့် ခဏနေ မိုးကာအင်္ကျီ အဝါရောင်နဲ့
ဆိုင်ထဲ ဝင်လာမယ့် ဧည့်သည်တော်လေးကို
ချန်းယောလ် ထိုင်ပြီး စောင့်ဆိုင်းနေတယ်။မိုးမရွာခင် ဘတ်ဟျွန်း အိမ်ကို အမှီပြန်ရောက်ရဲ့လား။
ချန်းယောလ်အရပ်နဲ့တိုင်းပြီး လုပ်ထားတဲ့ အဝတ်တန်းပေါ်က
အဝတ်တွေကို ဘတ်ဟျွန်း ရုတ်လို့မှ မှီရဲ့လား။
ခုံခုပြီး ရုတ်မှာကို သိပေမယ့် အဝတ်တွေ မိုးမစိုခင်
အမြန် ရုတ်နိုင်ပါ့မလား။ အစရှိသဖြင့်ဆော့ကုလားထိုင်လေးပေါ်မှာ
ထိုင်နေတဲ့ လူတစ်ယောက်ရဲ့
အလုံးစုံသော စိတ်အာရုံက
ဆိုဟွာရပ်ကွက်ရဲ့ တောင်ကုန်းထိပ်က
အဝါရောင် အိမ်လေးဆီမှာ။အပြင်က မှိုင်းပျပျရာသီဥတုကြောင့်
ခပ်မှိန်မှိန် ဆိုင်ခန်းလေးထဲမှာ
အလင်းရောင် ဖျော့ဖျော့သာရှိတယ်။