( ၃ )
ပုံမှန်အတိုင်း မယားတဲ့ ဂုတ်ကို ကုတ်လိုက်ရင်း ကျောင်းကိုရောက်လာခဲ့သည်။ သူမက ကျောင်းပြီးဖို့တစ်နှစ်ပဲလိုတော့တဲ့ကျောင်းသူ ဖြစ်သည်။ ဒါရာက ကျောင်းကိုရောက်သည်နှင့် ကျောင်းဝန်းထဲကိုခြေလှမ်းလိုက်သည်နှင့် သိပ်ကိုချစ်စရာကောင်းကာ ထုံထိုင်းသည့်ဒါရာဖြစ်သွားသည်။
ဒါရာ ကျောင်းထဲကိုကျော့ကျော့ကလေးဝင်လာရင်း မြင်မြင်သမျှ လူကို လက်ပြကာ နှုတ်ဆက်လိုက်၏ ။ လူတွေက သူမကို သနားသလို ကြည့်နေ၏။ ရွံသလိုလိုကြည့်နေ၏ ။ ထို့အတူ ပျော်ရွင်စွာ ဘာစိတ်မှမရှိဘဲ ကြည့်နေကြသည့်သူများလည်းရှိ၏ ။ ထိုးထိုးထောင်ထောင် ဖြင့် ဟိုတစ်ကွက်ဒီတစ်ကွက် မညီညာသောဆံပင်ရှည်များသည် ယခုမူ ဂျယ်လ်ဖြင့် သေချာသပ်ရပ်စွာ ဖြီးသင်ထားသလို သေချာစွာညှပ်ထားသည့် Pixie Cut ဖြစ်၍နေပြီ။
အတန်းသည် နောက်ကျမနေသေးပေမဲ့ အတန်းကိုတာဝန်ကျတဲ့ ဆရာအသစ်က အခန်းထဲကြိုရောက်လို့နေပြီ။
ဒါရာအခန်းထဲကို ဝင်လာတဲ့အချိန်ကစလို့ အခုကျောင်းခေါင်းလောင်းထိုးချိန်အထိ ထိုဆရာသည် ဒါရာကို မသိမသာသော်လည်းကောင်း စိုက်ကြည့်နေတတ်၏ ။
ထိုဆရာသည် ဆရာအသစ်ဖြစ်သည်ကိုသိသော်လည်း ဒါရာကမူ ထိုဆရာနှင့် ရင်းနှီးမူမရှိကြောင်းကိုလည်းသိထား၏။
လေးထောင့်မျက်မှန်ကို အထာကျကျတပ်ကာ ခန့်ငြားသည့် ဆရာသည် ဒါရာကို အခုလိုခဏခဏကြည့်နေရခြင်းအကြောင်းမှာ အခြားကျောင်းသူများနှင့်နည်းတူ သူမကို လှောင်ချင်သောကြောင့် ဖြစ်လောက်ပေမည်။
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် Dara အခန်းထဲမှ ပြေးထွက်ပြီး သူမလုပ်နေကျအတိုင်း ကျောင်းနောက်ဘက်က စွန့်ပစ်ဂိုထောင်ဆီသို့ပြေးလိုက်၏ ။ ထိုဂိုထောင်၏ ပြတင်းပေါက်မှ တစ်ဆင့် ကျောင်း၏ ခြံစည်းရိုးအပြင်နယ်နိမိတ်သို့ ရောက်နိုင်သောကြောင့် ဤသို့ တစ်ပတ်တစ်ခါပုံမှန် ထိုနေရာအား အားကြိုးမာန်တတ်သွားနေရခြင်းဖြစ်လေသည်။
ဂိုထောင်ထဲသို့ ဝင်ဖို့ခြေလှမ်းလှမ်းလိုက်သည့် ဒါရာရဲ့ ကျောပိုးအိတ်က တစ်စုံတစ်ခုနှင့်ညိသွားလေတာကြောင့် အနောက်သို့လှည့်ကြည့်တော့ လူတစ်ယောက်က သူမရဲ့ကျောပိုးအိတ်ကို ဆောင့်ဆွဲထားတာဖြစ်ကြောင်းသိလိုက်ရသည်။
