ချိုသာနေသော တီချယ့်အသံက ဒီနေ့ကျမှ နည်းနည်းမာနေသလိုပင်။ ကြည့်ရတာ တပည့်တွေနဲ့တစ်ခုခုဖြစ်လာသလားမသိ။ လရောင်လည်း အသဲကိုနှုတ်ဆက်ကာ တီချယ့်ဆီအမြန်ပြေးသွားလိုက်သည်။ တီချယ်က သူမကိုကြည့်ပြီး ဘာမှမပြော ကားပေါ်သာတက်သွားသည်။
"ဟင် ဘယ်လိုအခြေအနေတွေပါလိမ့်"
သူမလည်း ကားပေါ်သို့ခပ်သုတ်သုတ်တက်လိုက်သည်။
ကားပေါ်တွင်ငြိမ်နေရာမှ တီချယ်ကစကားစသည်။"အချိုဓါတ်လိုနေသလိုပဲကွယ်၊ သကြားလုံးလေးများမပါဘူးလား"
ကားမောင်းနေရင်း မျက်နှာကို သူမဘက်စောင်းငဲ့ကာပြောလာသောကြောင့် ရင်ခုန်နှုန်းမှာထိန်းမရတော့ပေ။"ဟို မပါပါဘူး တီချယ်"သူမလည်း တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်တော့ စန္ဒကူးက အလိုမကျဟန်ဖြင့် မျက်ခုံးတို့ကိုတွန့်ချိုးလိုက်သည်။
"ခုနက ဟိုကလေးမပေးထားတာ ရှိတယ်မလား"
မျက်မှောင်ကျုံ့လျက်မေးလိုက်တော့ လရောင်က မျက်ခုံးကိုပင့်လိုက်ပြီး သတိရသွားဟန်ဖြင့်"အာ..ဟုတ်သားပဲ၊ ခဏနော် တီချယ်" သူမလည်းပြောပြီး လွယ်အိတ်ထဲမှ သကြားလုံးကိုနှိုက်လိုက်သည်။
စန္ဒကူးက ကားကိုသာ အာရုံစိုက်မောင်းနေသည်။
လရောင်က သကြားလုံးကိုထုတ်ပြီးပေးရန်ပြင်ပြီးမှ ကားမောင်းနေသော စန္ဒကူးကြောင့် သကြားလုံးကိုဖောက်ပြီး စားလို့အဆင်ပြေမည့်ပုံစံဖြစ်တော့မှ လှမ်းပေးလိုက်သည်။"တီချယ်... ဒီမှာ"
"အာ.."
စန္ဒကူးက လက်ဖြင့် မယူဘဲ ပါးစပ်ကိုသာ ဟလိုက်သည်။ ကားကတော့ မီးပွိုင့်ရောက်နေသဖြင့် ခဏရပ်ထားသည်။ လရောင်က မျက်လုံးပြူးလျက် အတုန်တုန်အယင်ယင်ဖြင့် သကြားလုံးကိုထည့်ပေးလိုက်တော့ စန္ဒကူးက လရောင်လက်ကို ကိုက်လိုက်သည်။"အ..တီချယ်"
ထို့နောက်ပြုံးလျက် ဟိုဘက်လှည့်သွားသည်။ လရောင်လက်ထဲမှာတော့ သကြားလုံးအခွံလေးသာကျန်ခဲ့သည်။ စန္ဒကူးကကားမောင်းနေသော်လည်း လရောင်မှာတော့ လိပ်ပြာလွင့်သွားသလို တောင့်တောင့်ကြီးဖြစ်နေသည်။
အိမ်ရှေ့ရောက်သောအခါ လရောင်လည်း စန္ဒကူးကိုနှုတ်ဆက်ပြီး ကားပေါ်မှအမြန်ဆင်းသွားလိုက်သည်။
ရင်ခုန်နှုန်းများမှာထိန်းမရတော့ဘဲ လမ်းလျှောက်နေရတာလည်း ကမ္ဘာမြေကြီးရဲ့ဆွဲအားမရှိတော့သလို လေပေါ်မြောက်တက်နေသည်ဟုထင်သည်။ သူမလွယ်အိတ်ကြိုးကိုခပ်တင်းတင်းကိုင်ပြီးအိမ်ထဲသို့ပြေးသွားလိုက်သည်။ အိမ်ထဲရောက်တော့ သူမအမေ၏အသံကြောင့် တုံ့ခနဲဖြစ်ကာ လန့်သွားသည်။
YOU ARE READING
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Romance"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"