ထို့နောက် တီချယ်စားဖို့ တစ်ခုခုလုပ်ပေးရန် မီးဖိုချောင်ဆီသို့ထသွားလိုက်သည်။ ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ ကြက်ဥအချို့သာတွေ့သည်။ ထို့ကြောင့် ဆန်ပြုတ်ဝယ်ရန် မေမေ့ဆီဖုန်းဆက်ဖို့လုပ်ရသည်။
"ဟယ်လို မေမေ"
"သမီး လရောင် ဘာလို့လဲ ဆရာမလေး တစ်ခုခုဖြစ်လို့လား"
လရောင်၏အသံကြောင့်မေမေက စိုးရိမ်တကြီးမေးလေသည်။"မဟုတ်ဘူး မေမေ ...ဟိုဟာလေ သမီး အကူအညီတောင်းစရာရှိလို့"
လရောင်လည်း အမြန်ပြန်ပြောလိုက်တော့မှ မေမေက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချတော့သည်။"ဘာများလဲ သမီးရဲ့"
"သမီး လဲဖို့အဝတ်အစားရယ်လေ၊ ပြီးတော့ တီချယ် စားဖို့ တစ်ခုခုရယ် အဲ့ဒါမေမေ လာပို့ပေးလို့ရမလားဟင်"
လရောင်လည်း အားတုံ့အားနာဖြင့်ပြောတော့မှ မေမေက သြော်ဟုဆိုကာ"ရတယ်ရတယ် သမီး မေမေ ခေါက်ဆွဲခြောက်ထုတ်လေးတွေယူလာခဲ့လိုက်မယ်၊ အဆင်ပြေတယ်မလား၊ ထမင်းတွေ ဟင်းတွေကျ ခံတွင်းမတွေ့လောက်သေးဘူးထင်လို့လေ"
"ဟုတ် ရတယ် မေမေ၊ ကျေးဇူးပါနော်"
"အမလေး သမီးရယ် မလိုပါဘူးကွယ် သားအမိတွေကို..တကယ်ပါပဲ..ငါ့သမီးလေးကတော့"
မေမေက တစ်ဖက်မှရယ်ရင်းပြောတော့ လရောင်လည်း ရယ်လိုက်သည်။အခု လရောင်လုပ်စရာရှိတာက မေမေလာပို့ပေးတာကိုထိုင်စောင့်ဖို့ပဲရှိတော့သည်လေ။စန္ဒကူး လက်ရှိဖြစ်နေသော ကိစ္စအလုံးစုံကိုမယုံနိုင်သေးပေ။ မပြီးဆုံးနိုင်သော အိပ်မက်ဆိုးရှည်ကြီးဖြစ်ပြီး တစ်ချိန်ချိန်မှာ ပြန်ထလာနိုင်မည်ဟုသာ ယုံကြည်ထားချင်သည်။ သို့သော်..သို့သော်..ဒါတွေက တကယ်ဖြစ်နေတယ်ဆိုတာကို လူတိုင်းသိနေသည်လေ၊ သူမကိုယ်သူမ ဘယ်လောက်လိမ်ညာနိုင်ပါမည်နည်း။ လရောင်ကိုတွေ့နေရသည်မှာလည်း ထူးဆန်းလွန်းသည်။ ထိုကလေးမ အနားမှာရှိနေသည့်အတွက် လုံခြုံပြီး နွေးထွေးတဲ့ ခံစားချက်တစ်မျိုးအမြဲရှိသည်။ လရောင်က စန္ဒကူးဘဝရဲ့ အလင်းရောင်လေးဖြစ်နေတာကြောင့်လည်းပါမည်။ သူမဘဝတွင် ကျန်ခဲ့သော တစ်ခုတည်းသော အလင်းရောင်ငယ်လေး...သို့ပေမယ့် သည်နေရာတွင်တော့ လရောင်ကိုရှိမနေစေချင်ပါ၊ မသိစိတ်က လရောင်ကိုမသွားပါနဲ့ဟု တားနေမိသော်လည်း ပါးစပ်ကတော့ လရောင်ကို အဝေးထွက်သွားခိုင်းနေလေသည်။ မာမီသာရှိနေရင်...မာမီတွေ့ချင်တဲ့ ကလေးမကိုတောင် တွေ့မသွားပါလား မာမီရယ်..
ESTÁS LEYENDO
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Romance"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"