အခန်း ၂၃

664 47 4
                                    

[Unicode]
စန္ဒကူး၏စကားဆုံးတော့ လရောင်က တယောရှိရာနေရာသို့ဖြေးဖြေးချင်းသွားကြည့်သည်။
"လရောင် ခဏလောက်ကြည့်လို့ရမလား တီချယ်"
လရောင်ကို စန္ဒကူး ခပ်တွေတွေငေးနေတုန်း လရောင်၏စကားသံကြောင့် စန္ဒကူးလည်း ခေါင်းသာငြိမ့်ပြလိုက်သည်။
ထို့နောက် လရောင်က တယောကိုခပ်ဖွဖွကိုင်ကြည့်ကာ ပြုံးလိုက်သည်။ အံ့သြစရာကောင်းတာက တယောတီးမည့်အနေအထားအသင့်ပြင်လိုက်ခြင်းဖြစ်သည်။ စန္ဒကူး အံ့သြတကြီးကြည့်နေတာကို မြင်သော လရောင်က တစ်ချက်ပြုံးကာ သူမ၏လက်ချောင်းတို့ကို စတင်လှုတ်ခတ်တော့သည်။ တယောက ထွက်လာသော အသံကို အာရုံစိုက်နားထောင်ကြည့်တော့ ထူးအိမ်သင်ရဲ့ "တကယ်လို့များ" သီချင်း၏အသံဖြစ်သည်။ သီချင်းစာသားမပါသော်လည်း လရောင် သည်သီချင်းကိုတီးရခြင်း၏ရည်ရွယ်ချက်ကို စန္ဒကူးရိပ်မိသွားသည်။ သီချင်းစာသားတွေက စန္ဒကူးကိုရည်ရွယ်နေသည်ဆိုတာ လရောင်ရဲ့မျက်ဝန်းတို့မှတစ်ဆင့်မြင်နေရသည်။ထို့ကြောင့် စန္ဒကူးလည်း အနည်းငယ်ပြုံးကာ မျက်လုံးတို့ကိုမှိတ်ထားပြီး အာရုံစိုက်နားထောင်နေလိုက်သည်။ သီချင်းသံဆုံးသွားပြီးအနည်းငယ်ကြာတော့မှ မျက်လုံးကိုပြန်ဖွင့်လိုက်တော့ လရောင်က စန္ဒကူးဘေးနားကိုရောက်နှင့်နေပြီဖြစ်သည်။

"လလေးက တယောလည်း တီးတတ်တာပဲလား"
စန္ဒကူးမေးသည်ကို ခေါင်းသာငြိမ့်ပြပြီးဖြေကာ အောက်ကိုငုံ့ထားပုံအရ ရှက်နေသည်ထင်သည်။ သို့သော် ဘာလို့မှန်းမသိသောကြောင့် လရောင်၏လက်ကို စန္ဒကူးလှမ်းကိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ လလေး"
စန္ဒကူးပြောလိုက်တော့မှ လရောင်က ခေါင်းမော့လာသည်။ ထို့နောက် စန္ဒကူး၏မျက်နှာနားသို့ဖြေးဖြေးချင်းတိုးကပ်လာသဖြင့် စန္ဒကူးလည်းမျက်လုံးတို့ကိုမှိတ်ချလိုက်သည်။ ထို့နောက် ခဏလေးဆိုရုံမျှကျရောက်လာသော လရောင်၏နှုတ်ခမ်းအစုံက နူးညံ့လွန်းသည်။ ထိသည်ဆိုရုံလေးသာထိသွားသော်လည်း စွဲမက်ချင်စရာ... ကိုယ့်အတွေးနဲ့ကိုယ် လွင့်မြောနေတုန်း ရုတ်တရက်ထရပ်လိုက်သော လရောင်ကြောင့် စန္ဒကူးအလန့်တကြား မျက်လုံးဖွင့်လိုက်မိသည်။

"လရောင်...လရောင် တောင်းပန်ပါတယ် တီချယ်..လ.."
သူမစကားမဆုံးခင်မှာပဲ လရောင်၏လက်ကို စန္ဒကူး
လှမ်းဆုပ်ကိုင်လိုက်ကာ စန္ဒကူး၏ဘေးနားတွင်ထိုင်စေလိုက်သည်။လရောင်၏ မျက်လုံးထဲတွင်မျက်ရည်စတို့ရစ်ဝဲလာလေသည်။ လရောင်စိတ်ထဲတွင် သူမကိုအခွင့်အရေးယူသည်ဟုထင်သွားမှာစိုးနေသည်။ စန္ဒကူးက လရောင်၏ပါးနှစ်ဖက်ကို လက်ဖြင့် ခပ်ဖွဖွအုပ်မိုးကာ သူမ၏နဖူးပေါ်သို့ အနူးညံ့အညင်သာဆုံး အနမ်းတစ်ပွင့်ပေးလိုက်သည်။ ထို့နောက် သူမထံမှပြန်ခွာပြီး ကျလာသောမျက်ရည်စက်ကိုပါသုတ်ပေးလိုက်သည်။ လရောင်က စကားစရန်ပါးစပ်ဟလိုက်သောအခါ သူမ၏နှုတ်ခမ်းကို လက်ညှိုးဖြင့် ပိတ်ကာ ခေါင်းခါပြလိုက်သည်။ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသော ထိုကလေးမရဲ့မျက်နှာက စန္ဒကူး၏ရင်ကို လှုပ်ခတ်စေသည်။

"လလေး တို့လလေးကို အရမ်းချစ်တယ်ကွယ်...အင်း...နောက်ပြန်လှည့်လို့မရလောက်အောင်ကိုချစ်နေမိပြီ...တို့နားမှာရှိနေပေးတာ ကျေးဇူးတင်ပါတယ် .....အချစ်ရယ်..." နောက်ဆုံးစကားလုံးကိုကြားပြီးတဲ့နောက်မှာတော့ လရောင်၏ပါးပေါ်တွင် ပန်းေရာင်တို့ကရိပ်ခနဲဖြတ်ပြေးသွားသည်။ တယ်လည်းရှက်တတ်တဲ့ကလေးမပေပါတကား..။
လရောင်က ပြန်ပြောမည်ပြင်သော်လည်း စန္ဒကူးတား
လိုက်သည်။

"ဟင့်အင်း...မင်းဆီက တို့ ချစ်တယ်ဆိုတဲ့စကားကို ကြားဖို့အားမရှိသေးဘူးကွယ်...နောက်မှ..တို့ ကိုယ့်ကိုယ်ကိုပြင်ဆင်ပြီးတဲ့အချိန်ကျမှ...မင်းအတွက် အကောင်းဆုံးလူဖြစ်အောင် တို့ကြိုးစားပြီးတဲ့အချိန်ကျမှပြန်ပြောနော်.."
လရောင်က သဘောတူပုံမရသော်လည်း စန္ဒကူး၏မျက်ဝန်းတို့က တောင်းဆိုနေသဖြင့် ခေါင်းငြိမ့်လိုက်ရသည်။

"အိပ်ကြရအောင်နော်ကွယ်...တို့ပင်ပန်းနေပြီ.."
စန္ဒကူးလည်း ပြောရင်း အိပ်ရာဘေးကိုလက်ဖြင့်ပုတ်ပြလိုက်သည်။ လရောင်က အလိုက်တသိဝင်လှဲလိုက်သည်။ စန္ဒကူးလည်း လရောင်ဘေးသို့တိုးကပ်ကာ လရောင်၏လည်ပင်းနားသို့မျက်နှာကိုအပ်ထားကာ သေချာဖက်ထားလိုက်သည်။ လရောင်၏ နှလုံးခုန်သံကို နားထောင်နေရင်း ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိလိုက်ပေ။ မနက်မိုးလင်းတော့ လရောင်က အိပ်ရာထဲမရှိတော့သောကြောင့် စန္ဒကူးအလန့်တကြားနဲ့ထထိုင်မိသည်။ ညတုန်းက လရောင်ရှိနေခဲ့တယ်ဆိုတာ အိပ်မက်ဖြစ်နေခဲ့သည်လား...သို့သော် အိပ်ရာဘေးကမှန်တင်ခုံပေါ်တွင်ကပ်ထားသော ပန်းရွက်စာရွက်လေးဆီ အကြည့်ရောက်သွားမိသည်။

"Morning ပါတီချယ်..တီချယ် အိပ်နေတာမနှိုးရက်လို့ လရောင်တိတ်တိတ်လေးပဲထသွားလိုက်တယ်။
လရောင် ကျောင်းသွားပြီနော် တီချယ်
မနက်စာ နို့ဆန်ပြုတ်လေးလုပ်ထားပေးခဲ့တယ် တီချယ်စားရင်နွှေးစားလိုက်နော် တီချယ်...ပြီးရင်မေမေတို့လာလိမ့်မယ် သိလား တီချယ်၊ သြော် ကျောင်းက ပြန်လာရင် လရောင် တီချယ့်ဆီပဲပြန်လာမှာနော်..တီချယ့်ဆီမှာပဲ လရောင်နေဖို့ အိမ်ကိုပြောထားတယ်...တီချယ့်ကိုအများကြီး မေတ္တာရှိတယ်နော် တီချယ်..••)"

လရောင်၏စာလေးကိုဖတ်ပြီး စန္ဒကူးပြုံးလိုက်မိသည်။ ချစ်တယ်လို့ မပြောခိုင်းတော့ တစ်ဖက်လှည့်နဲ့မေတ္တာရှိသည်ဟုပြောသွားလေသည်။ ရေမိုးချိုးမျက်နှာသစ်ပြီး အောက်ဆင်းလာတော့ အိမ်ကြီးက ခြောက်ကပ်လို့နေသည်။ အိမ်ထဲကိုဝေ့ဝိုက်ကြည့်ရင်း မျက်ရည်ဥတို့က စန္ဒကူး၏မျက်ဝန်းတို့တွင် တွဲခိုလာလေပြီ။ ထမင်းစားခန်းထဲဝင်လိုက်တော့ လရောင်လုပ်ထားပေးခဲ့သော နို့ဆန်ပြုတ်ကို ပန်းကန်လေးဖြင့်အုပ်ထားတာ တွေ့လိုက်ရသည်။ ပန်းကန်ပေါ်မှာတော့ နောက်ထပ်စာရွက်တစ်ရွက်ကပ်ထားသည်။ စာရွက်ကို ခွာကြည့်လိုက်တော့ စာရွက်ပေါ်တွင်ရေးထားသည်က..
"လရောင် နည်းနည်းပဲ လုပ်ထားပေးခဲ့တာ
ကုန်အောင်စားနော် တီချယ်..သွန်ပစ်ရင် လရောင်သိတယ်နော်..ကျောင်းကနေ တီချယ့်ကိုစောင့်ကြည့်နေမှာ..•~•"
ဟူ၍ဖြစ်သည်။ လရောင်ကို စန္ဒကူးပြုံးအောင် လုပ်ပေးနိုင်တာ သိပ်မရှိသော်လည်း လရောင်ကတော့ စန္ဒကူးကို အမြဲစိတ်ချမ်းသာအောင်ထားသဖြင့် အပြစ်ရှိစိတ်တစ်ချို့ကလည်း ရင်ထဲတွင် ခိုအောင်းလာပြန်သည်။ စန္ဒကူးကို စိတ်ပျက်ပြီး တစ်ချိန်ချိန်မှာ ထားသွားရင် ဆိုသော အတွေးများလည်း တိုးဝှေ့ဝင်ရောက်လာစဥ်ပဲ အိမ်ရှေ့မှ ကားဟွန်းတီးသံကြောင့် ထိုအတွေးစတို့ လွင့်စင်သွားကြပြန်သည်။ ခပ်သုတ်သုတ်လေးထကာ အိမ်ရှေ့ကို ပြေးထွက်လိုက်တော့ လရောင် အမေ၏ကားဖြစ်နေသည်။

"သြော် ဆရာမလေး နိုးနေပြီလား..သမီးလေးက သူ့ဆရာမကိုဂရုစိုက်ဖို့တဖွဖွမှာနေတာ..သူ့မှာကျောင်းတောင် စိတ်ဖြောင့်ဖြောင့်နဲ့ မသွားနိုင်ရှာဘူး"
လရောင်ရဲ့အမေကပြုံးပြီးပြောတော့ စန္ဒကူးလည်းပြန်ပြုံးပြလိုက်သည်။ သေချာကြည့်မိတော့မှ လရောင်ရဲ့အပြုံးက သူ့အမေနဲ့တူသည်ပဲ။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Tempat cerita menjadi hidup. Temukan sekarang